လစ်ဗျားဒုက္ခသည် အကျပ်အတည်း ကြီးမားလာ

ဓာတ်ပုံ မူပိုင် 1
Image caption မနေ့တရက်တည်းမှာတင် နယ်ခြားဖြတ်ပြီး လူ ၁ သောင်း ၄ ထောင် ရောက်ရှိလာ

လစ်ဗျားနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး တူနီးရှားနိုင်ငံဖက်ကို ထောင်ပေါင်းများစွာ သော ဒုက္ခသည်တွေ ဆက်လက် ဝင်ရောက် လာနေတဲ့ အတွက် အဲဒီတူနီးရှားနယ်စပ် ဟာ အကျပ်အတည်းတွေ ရင်ဆိုင် နေရတဲ့ ဒေသတခုအဖြစ် ရောက်ရှိလာနေပြီလို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

မနေ့က တရက်တည်းမှာတင် နယ်ခြားဖြတ်ပြီး လူ ၁ သောင်း ၄ ထောင် ရောက်ရှိ လာတဲ့ အတွက် ဒါဟာ တရက်တည်း အများဆုံး ရောက်ရှိလာတဲ့ အရေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ရောက်ရှိလာသူ အရေအတွက်က ပိုများမယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အကူအညီတချို့ကိုတော့ လုပ်ပေးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး UNHCR က ပြောခွင့်ရသူ မန်းနီဘာ့က ပြောပါတယ်။

အခြေအနေတွေဟာ ဖရိုဖရဲ ပရမ်းပတာ ဖြစ်နေတာမျိုး တွေ့မြင်နေရတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ထွက်ပြေး ရောက်ရှိလာသူ အရေအတွက် များလွန်တာကြောင့် ဒေသခံ အရာရှိတွေဟာလည်း မနိုင်မနင်း ဖြစ်နေ ပါတယ်။

ညလုံးပေါက် အအေးလွန်ကဲတာကြောင့် သေဆုံးသွားတယ်လို့ ယူဆရတဲ့ လူငယ်တဦးရဲ့ ရုပ်အလောင်းကို သူတွေ့ရကြောင်း အဲဒီသတင်းထောက်က ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီက ဘာပြောသလဲ

Image caption လူထုက သူ့အတွက်ဆို အသက်ပေးပြီး ကာကွယ်ကြ ဦးမယ်လို့ ကဒါဖီပြောကြား

လစ်ဗျားခေါင်းဆောင် မစ္စတာ မာမူရာ ကဒါဖီဟာ ဘီဘီစီအပါအဝင် အနောက်နိုင်ငံ သတင်းထောက်တွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ မေးမြန်းခန်း လုပ်တဲ့အထဲမှာ လက်ရှိ သူ့နိုင်ငံမှာ ဆန္ဒပြနေကြတာ မရှိသလို လူတွေက သူ့ကို ထောက်ခံနေကြတယ်လို့ ပြောဆိုတာကို အနောက်နိုင်ငံတွေက ဝေဖန်ပြောဆို နေကြ ပါတယ်။

လစ်ဗျားနိုင်ငံက မြို့တော်တော်များများမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြ သူတွေက ကြီးစိုး ထားထာ သတင်း ၂ ပတ်လောက်ရှိနေပေမယ့် လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ ကတော့ သူ့နိုင်ငံမှာ ဆန္ဒပြမှုတွေ မရှိပါဘူးဆိုပြီး ဘီဘီစီရဲ့ အရှေ့ အလယ်ပိုင်းဆိုင်ရာ အယ်ဒီတာ ဂျယ်ရမီဘိုဝင် အပါအဝင် Sunday Times နဲ့ အမေရိကန်က ABC သတင်းထောက်တွေကို မြို့တော် ထရစ်ပိုလီမှာ တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့တဲ့ အချိန်မှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဘီဘီစီသတင်းထောက်က ကဒါဖီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို သူကိုယ်တိုင် မြင်တွေ့ ရတဲ့အကြောင်း၊ ဗိုလ်မှုးကြီး ကဒါဖီရဲ့ လူတွေက ပစ်ခတ်မှုတွေ ရှိတဲ့အကြောင်းကို ပြောပြီး ထပ်မေးတော့ မစ္စတာ ကဒါဖီက ''ဒီလူတွေဟာ သူ့ကို ဆန့်ကျင်တဲ့သူတွေ မဟုတ် ဘူး၊ ဘယ်သူမှ သူ့ကို မဆန့်ကျင်ကြဘူး၊ လူထုဟာ သူ့ကို ချစ်ကြတယ်၊ သူ့အတွက် ဆိုရင် လူတွေက အသက်ပေးပြီးတောင် ကာကွယ်ကြဦးမယ်'' လို့ ဆိုပါတယ်။

မစ္စတာ ကဒါဖီက လမ်းပေါ်မှာ ဆန္ဒပြကြတဲ့သူတွေဟာ အဲလ်ခါရီးဒါးအဖွဲ့က လူတွေဖြစ်ပြီး လစ်ဗျားရဲ့ စစ်စခန်းတွေ၊ လုံခြုံရေး စခန်းတွေထဲ ဝင်ရောက် ချယ်လှယ်ချင်လို့ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို လစ်ဗျားခေါင်းဆောင်က ပြောတာတွေကို အနောက်နိုင်ငံ တွေကတော့ ဝေဖန်ရှုတ်ချကြပါတယ်။

အမေရိကန်ကတော့ အယုံအကြည်မရှိ

ဓာတ်ပုံ မူပိုင် AP
Image caption ''ကဒါဖီဟာ ပကတိ ဖြစ်ရပ်တွေနဲ့ ကင်းကွာ နေတာ ထင်ရှားတယ်'' (မစ္စရိုက်စ်)

အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် မစ္စဆူဇန်ရိုက်စ်ကတော့ မစ္စတာ ကဒါဖီရဲ့ အမြင်တွေ မှောက်မှားနေပြီး သူဟာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ အနေအထား မရှိကြောင်း ပြောပါတယ်။

လစ်ဗျားပြည်သူတွေ သေကြေနေကြချိန်မှာ မစ္စတာကဒါဖီက သတင်းထောက်တွေနဲ့ မေးမြန်းခန်းမှာ ရယ်နိုင် မောနိုင် ဖြစ်နေတာ ကတော့ လက်တွေ့နဲ့ ကင်းကွာ နေတယ်ဆိုတာ ထင်ရှားတယ်လို့ မစ္စရိုက်စ်က ပြောပါတယ်။

အမေရိကန်ဟာလည်း အမေရိကန်မှာ ရှိနေတဲ့ လစ်ဗျားပိုင် ဒေါ်လာ ဘီလျံ ၃၀ ကို ထိမ်းသိမ်း ထားလိုက်ပါတယ်။ အမေရိကန်သမိုင်းမှာ ပမာဏ အများဆုံး ထိမ်းသိမ်းမှု ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ တခြားအနောက်နိုင်ငံ တွေကလည်း လစ်ဗျားကို ပိတ်ဆို့မှုတွေ လုပ်ဖို့ ဆုံးဖြတ် ထား ကြပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကတော့ သူနဲ့ အရင်က ရင်းနှီးခဲ့တဲ့ အနောက် နိုင်ငံတွေဟာ သူ့ကို သစ္စာ ဖောက်တာဖြစ်ပြီး ဒီနိုင်ငံတွေက လစ်ဗျားကို ကိုလိုနီလုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပြန်လည် စွပ်စွဲပါတယ်။

အဲဒီလို မစ္စတာကဒါဖီက တိုင်းပြည်တွင်းမှာ သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေ မရှိပါဘူးလို့ ပြောနေချိန်မှာ လစ်ဗျားနဲ့ ထိစပ်နေတဲ့ တူနီးရှားနယ်စပ်ကို ဒုက္ခသည်တွေဟာ နာရီတိုင်းမှာ လူ ၂၀၀၀ လောက် ရောက်ရှိလာနေပါတယ်။

လစ်ဗျားကနေ ထွက်လာကြသလို သူတို့ဟာ တူနီးရှားနယ်စပ် အရောက်မှာတော့ ဘယ်မှ ဆက်သွားစရာ မရှိသလို ရာသီဥတု ချမ်းချမ်းစီးစီး အောက်မှာ လမ်းဘေးတွေ၊ လမ်းမတွေ ပေါ်မှာ ဖြစ်သလို နေထိုင်အိပ်စက်ရ သလို သေကြေကြတဲ့ သူတွေလည်း ရှိနေပါတယ်။