လစ်ဗျား နယ်စပ်ကို ထွက်ပြေးလာသူတွေ နာရီပိုင်းနဲ့အမျှ များလာနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်တွေရဲ့ အရေးပေါ် လိုအပ်ချက်ကို အမြန် ဖြည့်ဆည်းဖို့ ဘန်ကီမွန်း ပန်ကြား

လစ်ဗျားနိုင်ငံ ထဲမှာ ဝရုန်းသုန်းကား ဖြစ်နေတဲ့ အခြေအနေတွေ ကနေ လူတွေ အများအပြား နယ်စပ်ကို ထွက်ပြေး လာနေတာကြောင့် ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေရဲ့ ဘဝတွေဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban ki-Moon က ပြောပါတယ်။

ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ အမြန်လိုအပ်နေတဲ့ ရိက္ခာ ၊ သောက်သုံးရေနဲ့ အမိုးအကာတွေကို အကူအညီ ပေးနိုင်ဖို့ ချက်ခြင်း ဆောင်ရွက်ကြပါလို့ သူက ပန်ကြား လိုက်ပါတယ်။

Image caption ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres

အခြေအနေဟာ နာရီနဲ့အမျှ ပိုမို ဆိုးရွားလာနေပြီး ချက်ခြင်းကို လူမှုဘေးဒုက္ခ ကပ်ဆိုးကြီး အသွင် ဖြစ်လာနေတယ်လို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Antonio Guterres က ဆိုပါတယ်။

လစ်ဗျား တူနီးရှား နယ်စပ်ကို ဖြတ်ကျော်ဖို့ တန်းစီစောင့်နေတဲ့ သိန်းသောင်း ချီတဲ့ လူအုပ်ကြီးကို တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

တချို့ဟာ လူအုပ်တွင်းမှာ နင်းချေခံရပြီး အများစုဟာ လုံးဝ မောပန်း နွမ်းနယ် နေကြတယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထူးထူးခြားခြား အရေးယူလိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီကို ပစ်ပယ်ထားဖို့ ကုလသမဂ္ဂမှာ တညီတညွတ် တည်းဆုံးဖြတ် ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆန္ဒပြ ပြည်သူတွေကို ဗိုလ်မှူးကြီး ကဒါဖီရဲ့ လက်နက်နဲ့ နှိမ်နင်းနေမှု အပေါ် အာရပ်အဖွဲ့ချုပ်နဲ့ အာဖရိက သမဂ္ဂတို့ရဲ့ ပြင်းပြင်ထန်ထန် ရှုတ်ချမှုနဲ့ နိုင်ငံတကာက ဖိအားပေးမှု တွေက သိသိသာသာ ထိရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။

လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုရေးကောင်စီ ၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့ အရေးယူခဲ့ပြီးတဲ့အနောက် အခုလို လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းကြောင်း ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် REUTERS
Image caption အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates

လစ်ဗျားနိုင်ငံ အပေါ် လေယာဉ် မပျံသန်းရဇုံအဖြစ် သတ်မှတ်မယ့် စစ်ရေးအရ အရေးယူမှုကို သတိထားပြီး ဆောင်ရွက်သင့်တယ်လို့ အဲဒီ ဆောင်ရွက်ချက်က နောက်ဆက်တွဲ ပြဿနာတွေ တက်လာနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ စစ်ဆင်ရေး ဆောင်ရွက်နေချိန်မှာ အရှေ့အလယ်ပိုင်းက တခြားနိုင်ငံ တခုကို အမေရိကန်က စစ်တပ်က ဝင်ရောက်အရေးယူမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို သေသေချာချာ စဉ်းစားဖို့ အရေးကြီးတယ်လို့ မစ္စတာ ဂိတ်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့အတွင်းမှာလည်း စစ်အင်အားသုံး အရေးယူဖို့နဲ့ ပတ်သက်ပြီး ဘာသဘောတူညီချက် မှမရှိသေးဘူးလို့ သူက ထောက်ပြခဲ့ပြီး လက်တလော လစ်ဗျားနိုင်ငံ အပေါ် အရေးယူဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာလည်း စစ်ရေးအရ အရေးယူဖို့ မဖော်ပြထားဘူးလို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။