ဗြိတိန် အထူးတပ်ဖွဲ့ဝင် ရှစ်ယောက် ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် FCO
Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague

လစ်ဗျားနိုင်ငံမှာ အဖမ်းခံထားရတဲ့ ဗြိတိသျှ အထူးတပ်ဖွဲ့ဝင် ရှစ်ယောက်ပါ အဖွဲ့ဟာ နေရပ်ကို ပြန်လည် ထွက်ခွာ လာပြီလို့ သိရပါတယ်။

အဲဒီ ဗြိတိသျှ အထူးတပ်ဖွဲ့ဟာ လစ်ဗျား အတိုက်အခံတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အခက်အခဲတွေနဲ့ တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောပါတယ်။

သောကြာနေ့တုန်းက ဘန်ဂါဇီမြို့နားမှာ ဗြိတိသျှ အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ယူဆရတဲ့ အဖွဲ့ဝင် တချို့ဟာ ရဟတ်ယာဉ်ပေါ်က ဆင်းသက်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ လက်နက်တွေ သယ်ဆောင်လာပြီး မြေပုံတွေ ၊ နိုင်ငံလေးနိုင်ငံက နိုင်ငံကူးလက်မှတ်တွေကို သူတို့လက်ထဲမှာ တွေ့ခဲ့တာကြောင့် အတိုက်အခံ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမားတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက တိုက်ခိုက်လာတာကြောင့် မနေ့က တနေ့လုံး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

စနေနေ့တုန်းက အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမားတွေ သိမ်းပိုက် ထားတဲ့ နိုင်ငံအရှေ့ပိုင်းက ဘင်ဂျာဝပ်ဒ်မြို့မှာတော့ လက်နက်ကြီးတွေ ဒုံးကျည်တွေနဲ့ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး သူပုန်တွေကို အစိုးရ တပ်တွေက တွန်းလှန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံ အနောက်ပိုင်းက Tripoli မြို့တော်နဲ့ ကီလိုမီတာ ၂ဝဝ လောက်သာ ဝေးတဲ့ Misrata မြို့မှာတော့ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရတပ်တွေက တင့်ကားတွေ လက်နက်ကြီးတွေ သုံးပြီး မြို့ထဲကို ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမားတွေက ပြန်တွန်းလှန် မောင်းထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Misrata မြို့ကို လူမှုကယ်ဆယ်ရေးဝန်ထမ်းတွေကို ဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီး ဒါမှသာ ဒဏ်ရာရ လူနာတွေကို ဝင်ရောက် ကယ်တင်နိုင်မယ်လို့ ပြောပါတယ်။

Tripoli မြို့ အနောက်ဖက်က အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမားတွေ ထိန်းချုပ်ရာ Zawiya မြို့ကို ဗိုလ်မှူးကြီး ကဒါဖီ တပ်တွေက လာရောက် တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတကာက လစ်ဗျားနိုင်ငံကို စစ်ရေးအရ ဝင်ရောက်ဖို့ ကိစ္စဟာ လုံးဝ အပြုသဘော မဆောင်တဲ့ အကျိုးရလဒ်တွေ ဖြစ်လာနိုင်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Alain Juppe က သတိပေးခဲ့ ပါတယ်။

ဒါပေမယ့် အကြမ်းဖက်မှုတွေက ပိုဆိုးလာပြီး သွေးထွက်သံယိုမှုတွေ များလာရင် လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုံအဖြစ် သတ်မှတ်ဖို့ အနောက်နိုင်ငံ တွေက ပြင်ထားသင့်တယ်လို့ မစ္စတာ ရှုပေက ပြောပါတယ်။

အာရပ် အဖွဲ့ချုပ်နဲ့ အာဖရိက သမဂ္ဂ အပါအဝင် ကုလသမဂ္ဂရဲ့ အတည်ပြုချက် ရမှသာ ဝင်ရောက်စွတ်ဖက်မှုတွေ လုပ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။