မပျံသန်းရ ဇုံ သတ်မှတ်ဖို့ ကုလသမဂ္ဂက ဦးဆောင်သင့်

ဓာတ်ပုံ မူပိုင် Reuters
Image caption Zawiya က ထိခိုက် ဆုံးရှုံးမှု

လစ်ဗျားခေါင်းဆောင် Muammar Gaddafi ကို သစ္စာခံတဲ့ တပ်တွေက မနေ့က တနေ့လုံး နိုင်ငံအနောက်ဖက်က အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ သိမ်းထားတဲ့ Zawiya မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခတ်ခဲ့သလို တင့်ကားတွေ အမြှောက်တွေနဲ့ ထိုးနှက်တိုက်ခိုက်ကာ မြို့လယ်က ရင်ပြင်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

တင့်ကား အစင်းငါးဆယ်နဲ့ လူစီးယာဉ် ဆယ်စီးကျော်ကျော်ပေါ်မှာ ကဒါဖီ တပ်ဖွဲ့ဝင်တွေ ကိုတွေ့လိုက်ရတယ်လို့ မျက်မြင် သက်သေတယောက်က ပြောပါတယ်။

ဆေးရုံပေါ်မှာတော့ သေဆုံး ထိခိုက် ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption Ras Lanuf ဒေသက ဗုံးကြဲ တိုက်ခိုက်မှု

အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံအရှေ့ပိုင်းက အဓိက ရေနံဆိပ်ကမ်းရှိရာ Ras Lanuf ကိုလည်း မကြာမကြာ ဆိုသလို လေကြောင်းက တိုက်ခိုက်ခံခဲ့ရသလို အမြှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ရှိတယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံ အပေါ် ပျံသန်းမှု ကင်းမဲ့ဇုံ no-fly zone အဖြစ် သတ်မှတ်ရေး နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် မှန်သမျှကို အမေရိကန် ပြည်ထောင်စုက ချမှတ်ရမှာ မဟုတ်ဘဲ ကုလသမဂ္ဂ ကသာ ဦးဆောင် လှုပ်ရှားသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

အခုလို ကိစ္စမျိုးကို လစ်ဗျား ပြည်သူတွေက တောင်းဆို လာတာဟာ အရေးကြီးတယ် ၊ အမေရိကန် တနိုင်ငံတည်းက ဦးဆောင် လှုပ်ရှားရမယ့်အစား နိုင်ငံတကာက ကျောထောက် နောက်ခံ ပေးဖို့လိုတယ်လို့ သူမက ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို ငြိမ်းချမ်းစွာ ရာထူးက နှုတ်ထွက်ပေးအောင် အမေရိကန် အစိုးရ အနေနဲ့ တိုက်တွန်း တောင်းဆိုဖို့ မစ္စက်ကလင်တန်က ထပ်လောင်း ပြောကြားခဲ့ပေမယ့် လစ်ဗျား အရေးအခင်းဟာလည်း တဖြည်းဖြည်း အချိန် ကြာငြောင်းလာပြီလို့လည်း သတိပေးလိုက်ပါတယ်။