ဂျပန် နယူးကလီးယား ပိုပို စိုးရိမ်လာရ

Airport ဓာတ်ပုံ မူပိုင် AFP
Image caption တိုကျိုက ဟာနီဒါ လေဆိပ်မှာ လက်မှတ် ဝယ်ဖို့ တန်းစီ စောင့်နေသူများ

နိုင်ငံတကာ အစိုးရတွေက ဂျပန်မှာ ရောက်နေတဲ့ သူတို့ နိုင်ငံသားတွေကို ဓာတ်အားပေး စက်ရုံ တဝိုက်ကနေ ထွက်ခွာဖို့ ညွှန်ကြားထားပြီး အမေရိကန် အစိုးရကလည်း သူ့နိုင်ငံသားတွေကို ဖူကူရှီမား ဓာတ်အားပေး စက်ရုံကနေ မိုင်ငါးဆယ် အကွာလောက်ထိကို မသွားဖို့ ညွှန်ကြားထားသလို ယူကေနဲ့ ပြင်သစ် အစိုးရ တွေကလည်း သူတို့ နိုင်ငံသား တွေကို တိုကျိုကနေ ထွက်ခွာဖို့ အကြံ ပေးနေပါပြီ။

အမေရိကန် စွမ်းအင် ဝန်ကြီး စတီဗင်ချူးက ၁၉၇၉ အမေရိကန် နိုင်ငံ ပင်ဆဲလဗေးနီးယား ပြည်နယ်က အလားတူ အဖြစ်အပျက် တခုနဲ့ နှိုင်းယှဉ် ပြသွားပြီး လောလောဆယ် ဂျပန်က အဖြစ်အပျက်တွေဟာ ပိုဆိုးပုံ ရတယ်လို့ ပြောပါတယ်။

တဘက်မှာ ဖူကူရှီးမား ဓာတ်အားပေး စက်ရုံနားမှာ နေထိုင်သူတွေက သူတို့ကို ခုထိ ဘာအကူအညီမှ မပေးသေးဘူး ဆိုပြီး ဂျပန် အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို မကျေမနပ် ဝေဖန်လာပါတယ်။

ပထမ ဓာတ်ပေါင်းဖို ပေါက်တာကို အစိုးရကို ကျနော်တို့ကို မပြောဘူး၊ အဲဒါကို တီဗွီက ပြမှ သိရတယ်၊ အစိုးရက ဘာမှ မပြောဘူး၊ ခုဟာက လူတွေဟာ စွန့်ပယ်ခံလို ဖြစ်နေပြီ၊ သေလည်း သေဆိုပြီး ဖြစ်သလို ပစ်ထားတာပဲ ဆိုပြီး ဒေသခံ တယောက်က ပြောပြပါတယ်။

ဂျပန် အစိုးရ ကိုင်တွယ်

ဓာတ်ပုံ မူပိုင် AP
Image caption ဖူကူရှီးမား စက်ရုံနားမှာ ရှင်းလင်းနေစဉ်

ခုဖူကူရှီးမားက နယူးကလီးယား စက်ရုံက အခြေအနေနဲ့ ပတ်သက်ပြီး အသေအချာ ပြောနိုင်တာ တခုကတော့ အခြေအနေဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ ဆိုတာပါပဲ။

အစိုးရနဲ့ ဓာတ်အားပေး စက်ရုံကို ပိုင်တဲ့ တိုကျိုး လျှပ်စစ် ကုမ္ပဏီက ပေါင်းပြီး အခြေအနေကို ထိန်းနိုင်အောင် ဘယ်လိုပဲ ကြိုးစား လုပ်လုပ် ခုထိတော့ အောင်မြင်မှု မရသေးပါဘူး။

မနေ့က ချီနု ရဟတ်ယဉ်နဲ့ စက်ရုံပေါ် ပျံပြီး အပေါ်က ရေဖြန်းချဖို့ ကြိုးစားခဲ့ပေမယ့် လေပြင်းတိုက်နေပြီး အောက်က အရမ်း ပူနေတဲ့ အတွက် ဒီအစီအစဉ်ကို လက်လျှော့ လိုက်ရပါတယ်။

အဲဒိမှာ အစောပိုင်းက ပြန်ခေါ်ထားတဲ့ အရေးပေါ် ကုမ္ပဏီ ဝန်ထမ်း ငါးဆယ်ကို စက်ရုံထဲ ပြန်ပို့ပြီး ရေတွေကို မီးသတ်ပိုက်နဲ့ အဝေးကနေ လှမ်းဖြန်းပါတယ်။

ဒါပေမယ့် အင်္ဂါနေ့ကလို ဓာတ်ရောင်ခြည် ဖြာထွက်နှုန်း တက်လာရင် သူတို့လည်း အပြင် ပြန်ထွက်ရမဲ့ပုံ ရပါတယ်။

ခုနောက်ဆုံး ထွက်လာတဲ့ ဓာတ်ပုံတွေအရ ဓာတ်ပေါင်းဖို သုံးခုက ပေါက်ကွဲ ပျက်စီးနေတာ တွေ့ရပြီး အထဲမှာ စတီးတွေ၊ ကွန်ကရစ်တွေနဲ့ မံထားတဲ့ နယူးကလီးယား လောင်စာ ချောင်းတွေ ထိခိုက်ပျက်စီးမှု ရှိမရှိတော့ သေချာ မသိရသေးပါဘူး။

ခုဆိုရင် စက်ရုံ တောင်ဘက် မိုင် ၁၅၀ အကွာမှာ ရှိတဲ့ တိုကျိုမြို့မှာ ဓာတ်ရောင်ခြည် အန္တရယ်ကို စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

ရထား ဘူတာရုံတွေမှာဆို လူတွေဟာ အိုဆာကာ အပါအဝင် နိုင်ငံတောင်ပိုင်းကို သွားတဲ့ ကျည်ဆံ ရထားတွေမှာဆို လူတွေ ပြည့်ကျပ်နေပါပြီ။

တိုကျိုမြို့က လမ်းတွေပေါ်မှာလည်း လူသွားလူလာ သိပ်မရှိဘဲ အပြင်ထွက်တဲ့ လူတွေ ဟာလည်း နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်စနဲ့စည်းထားကြပါတယ်။

ဒီတော့ လူတွေဆီမှာ အစိုးရနဲ့ လျှပ်စစ် ကုမ္ပဏီဟာ အမှန်ကို မပြောဘဲ ထိမ်ချန်ထားတာတွေ ရှိနေနိုင်တယ်ဆိုတဲ့ သံသယတွေလည်း ဝင်လာကြပါတယ်။

အမျိုးသမီး တယောက်က ဆိုရင် အစိုးရက တည်တည် ငြိမ်ငြိမ် ရှိကြလို့ ပြောနေတာ အမှန်ကို ဖုံးကွယ်ဖို့ ပြောနေတာ နေမှာ၊ ကျမတော့ တခြား တနိုင်ငံငံကို ပြေးတော့မယ်ဆိုပြီ ပြောပြခဲ့ပါတယ်။