တပ်တွေချက်ခြင်းဆုတ်ဖို့ ကဒါဖီကို အိုဘားမားပြော

Libyan rebels ဓာတ်ပုံ မူပိုင် a
Image caption လစ်ဗျား သူပုန်တွေကတော့ နိုင်ငံတကာတပ်တွေ ဝင်လာမှာကို ကြိုဆို

အမေရိကန် သမ္မတ ဘာရက်အိုဘားမားက လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီကို အရပ်သားတွေကို တိုက်ခိုက်နေတာတွေ ချက်ခြင်းရပ်ဖို့၊ နောက်ပြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေက အတိုက်အခံတွေ သိမ်းထားတဲ့ မြို့တွေဆီ ချီတက်နေတာတွေ ပြန်ဆုတ်ပေးဖို့၊ ဝိုင်းထားတဲ့ မြို့တွေကနေ ဆုတ်ပေးပြီး အဲဒီမြို့တွေကို လျှပ်စစ်မီးနဲ့ ရေ ဖြတ်ထားတာတွေ ပြန်ပေးဖို့ အပြတ်သားဆုံး တောင်းဆိုလိုက်ပါတယ်။

အဲဒီ တောင်းဆိုချက်ကို မလိုက်နာရင်တော့ စစ်ရေးအရ အရေးယူရတော့မယ်လို့လဲ သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ကြာသပတေးနေ့ည ကတည်းက ကဒါဖီကို ဒီအတိုင်းလုပ်ဖို့ ဆုံးဖြတ်ချက်ချ တောင်းဆိုထားပြီးသားပါ။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်းလိုက်နာအောင်လုပ်ဖို့ မလုပ်ရင် စစ်ရေးအရ အရေးယူဖို့ ပြင်သစ်နဲ့ ဗြိတိန်တပ်တွေကလည်း အသင့်ပြင်ထားပါပြီ။ဗြိတိန်ကတော့ သူ့ရဲ့ တပ်တွေကို မြေထဲပင်လယ်ထဲမှာ နေရာယူထားဖို့ စပြီးလွှတ်နေပြီလို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ထွက်လာတော့ လစ်ဗျားဖက်က ဒီ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပေမယ့် မနေ့ကတော့ လစ်ဗျား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အစိုးရတပ်တွေဟာ အတိုက်အခံတွေ တပ်စွဲထားရာ ဒုတိယ အကြီးဆုံး ဘင်ဂါဇီ မြို့အစပ်ရောက်နေပေမယ့် မြို့ထဲ မဝင်ပါဘူး၊ အပစ်လဲ ရပ်ထားလိုက်ပါပြီလို့ ကြေငြာပါတယ်။

တချိန်ထဲမှာပဲ တခြားသတင်းတွေကတော့ လစ်ဗျားတပ်တွေဟာ တခြားမြို့တွေဖြစ်တဲ့ Misrata နဲ့ Ajdabiya တို့ကို ဆက်တိုက်နေတုန်းပဲလို့လဲ ဆိုပါတယ်။ ဒီတော့ အပစ်ရပ်ထားပါမယ်လို့ ကြေငြာတာဟာ နိုင်ငံတကာ တပ်တွေ ဝင်မတိုက်နိုင်အောင် အချိန်ဆွဲတဲ့ အယောင်ပြ ကြေငြာချက်လားလို့လဲ သံသယ ရှိစရာ ဖြစ်နေပါတယ်။

စနေနေ့မှာတော့ လစ်ဗျားအနေနဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ပြင်သစ်မှာ ထိပ်သီးဆွေးနွေးပွဲတခု လုပ်ပါမယ်။

ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီက အိမ်ရှင် လုပ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တက်မှာပါ၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းလဲ တက်ပါမယ်၊ လစ်ဗျားအိမ်နီးချင်း အာရပ်နိုင်င ံတွေကိုလဲ ဖိတ်ထားပါတယ်။ စစ်ရေးအရ ဝင်တိုက်ရရင် အာရပ်နိုင်ငံတွေရဲ့ အကူအညီက အရေးပါလာမှာပါ၊ ဘန်ကီမွန်းကတော့ အားလုံးတသံထဲ ထွက်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုနေပါတယ်။

ဒီ အစည်းအဝေးကနေ စစ်တိုက်ဖို့ အစီအစဉ်တွေကို ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။