လစ်ဗျားကို ညွန့်ပေါင်းတပ်ဖွဲ့ ဗုံးစကြဲ

Libya ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားကို ညွန့်ပေါင်း တပ်ဖွဲ့တွေရဲ့ လေတပ်နဲ့ ရေတပ်တွေက ဗုံးစကြဲ

အီရတ်ကို အမေရိကန်နဲ့ ဗြိတိသျှ တပ်တွေ ဝင်တိုက်တာ ရှစ်နှစ် တိတိပြည့်တဲ့ မတ်လ မှာ လစ်ဗျားကို အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် တို့က ဝေဟင်ကနေ စတိုက်နေပါပြီ။

ပြင်သစ် တိုက်လေယဉ်တွေက လေကြောင်း ကနေ ဘင်ဂါဇီမြို့ တဝိုက်က ကဒါဖီပေါ် သစ္စာ စောင့်သိတဲ့ တပ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့သလို အမေရိကန်နဲ့ ဗြိတိသျှ ရေတပ်ကလည်း ခရုဇ် ဒုံးလက်နက် ၁၁၀ ပစ်လွှတ် တိုက်ခိုက်ခဲ့ပါတယ်။

ဂဒါဖီ အိမ်နား ကျည်မကျသေး

ထရီပိုလီ မြို့ထဲနဲ့ အနီးတဝိုက်က နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုပေမယ့် ခုထိတော့ ဘာပေါက်ကွဲသံ၊ ဗုံးကျသံမှ မကြားသေးပါဘူးလို့ ကဒါဖီ အိမ်နားက ဟိုတယ်မှာ စတည်းချနေတဲ့ ဘီဘီစီ သတင်းထောက် အာလန် လစ်တဲလက သတင်းပို့ပါတယ်။

ကားတွေလည်း ပုံမှန် သွားနေတာ တွေ့ရပြီး ကဒါဖီကို ထောက်ခံသူတွေက အလံတွေ ဝှေ့ရမ်းပြီး အင်အားပြနေတာမျိုးတွေ တွေ့ရကြောင်း၊ ခုတိုက်ခိုက်မှုကနေ ကဒါဖီက လစ်ဗျား နိုင်ငံသားတွေ ကြားမှာ အထူးသဖြင့် သူ့ထောက်ခံသူတွေ ကြားမှာ အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ထည့်ပြီး ဝါဒ ဖြန့်နေပါတယ်။

အထူးသဖြင့် အီရတ်မှာ အမေရိကန် စစ်သားတွေရဲ့ အရပ်သားတွေပေါ် ပြုမူ ဆက်ဆံ ပုံတွေကို တီဗွီကနေ အကြိမ်ကြိမ် ပြပြီး အမေရိကန် ဆန့်ကျင်ရေး ဝါဒဖြန့်တာကို ပိုလုပ် လာပါတယ်။

ဝါဒဖြန့်တာတွေဆိုလို့ ကဒါဖီကို ထောက်ခံသူတွေ ဘယ်ရွေ့ဘယ်မျှ ရှိတယ်ဆိုပြီး ကဒါဖီ အစိုးရက ပြောနေပေမယ့် တကယ်တမ်း ထောက်ခံသူ အင်အား ဘယ်လောက် ရှိလဲ ဆိုတာကတော့ တိုင်းတာဖို့ ခက်ပါလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အတိအကျ ပြောနိုင်တာ တခုကတော့ ထရီပိုလီမှာ မြင်ရသလောက် မြင်ကွင်းက လူတွေက ကဒါဖီပေါ် ခြွင်းချက်မရှိ သစ္စာ ရှိပြမယ်ဆိုတဲ့ အနေအထားမျိုးကိုပဲ တွေ့နေရပြီး သူတို့ အမူအယာတွေ ကြည့်ရတာလည်း တမင်သက်သက် ဟန်ဆောင် သစ္စာရှိပြတာမျိုးထက် တကယ်ကို သေပြမယ်ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။

ဒါပေမယ့် ဒီလို ကဒါဖီပေါ် သစ္စာ စောင့်သိမှုမျိုးက ထရီပိုလီမြို့ တမြို့လုံးက လူတွေရဲ့ သဘောထားကို ကိုယ်စားပြုသလား၊ လစ်ဗျား တနိုင်ငံလုံးကို ကိုယ်စားပြုလား ဆိုတာကတော့ ဘယ်လိုမှ ဖြေလို့ မရနိုင်တဲ့ မေးခွန်းပါပဲလို့ အာလန် လစ်တဲလက ထရီပိုလီကနေ သတင်း ပေးပို့ထားပါတယ်။

လတ်တလော စစ်ရေး ရည်မှန်းချက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် တိုက်လေယဉ်တွေ သင်္ဘောပေါ်ကနေ စထွက်စဉ်

ညွန့်ပေါင်းတပ်တွေရဲ့ လတ်တလော စစ်ရေး ရည်မှန်းချက်က ခုလို လေကြောင်းကနေ ဝိုင်းပြီး အင်အား ပြလိုက်ရုံနဲ့ ဂဒါဖီရဲ့တပ်တွေ စိတ်ဓာတ် ကျပြီး ထွက်ပြေးတဲ့ လူကပြေး၊ လက်နက်ချတဲ့ လူကချနဲ့ ဂဒါဖီပေါ် သစ္စာ စောင့်သိတဲ့ တပ်တွေ အလျင်အမြန် ပြိုကွဲ သွားမယ်လို့ ညွန့်ပေါင်း တပ်ဖွဲ့တွေက မျှော်လင့်နေကြောင်း ဘီဘီစီ သ တင်းထောက် ကယ်ရိုလိုင်းဝပ်က ဆိုပါတယ်။

နောက်တခါ ကုလသမဂ္ဂ ပြဌာန်း ဆုံးဖြတ်ချက် မှာ ပြောထားတဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ လစ်ဗျား အရပ်သားတွေကို အကာအကွယ် ပေးဖို့ ဆိုရင် အနည်းဆုံးတော့ ဂဒါဖီရဲ့ မြေပြင် တပ်တွေကို ဘင်ဂါဇီနဲ့ တခြား သူပုန်တွေ သိမ်းထားတဲ့ နေရာတွေကနေ ပြန်မောင်းထုတ်ဖို့ လိုပါလိမ့်မယ်။

ဂဒါဖီပေါ် သစ္စာ စောင့်သိတဲ့ တပ်တွေဟာ ထရီပိုလီကနေ ဘင်ဂါဇီထိ ပေါက်တဲ့ လမ်းပေါ်မှာ ရှိနေပြီး သူတို့ရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေဟာ တိုက်ခိုက်ရ လွယ်တဲ့ အနေအထားမှာ ရှိပါတယ်။

ညွန့်ပေါင်းတပ်တွေ အနေနဲ့ လက်နက် ခဲယမ်းမီးကျောက် အသုံးပြုနိုင်မှု အပိုင်းမှာ အင်အား အပြည့်ရှိတာ မှန်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေကို သေချာ ရွေးချယ်ဖို့ လိုပြီး အရပ်သား တွေကို အန္တရယ် ကျရောက်တာမျိုး မဖြစ်အောင် အထူး သတိထားဖို့ လိုမယ်လို့ ကယ်ရိုလိုင်း ဝတ်က မှတ်ချက်ပေးသွားပါတယ်။