ယီမင် စေ့စပ် ညှိနှိုင်းနေမှု ရပ်ဆိုင်း

yemen ဓာတ်ပုံ မူပိုင် BBC World Service
Image caption ယီမင် သမ္မတ နှုတ်ထွက်ပေးဖို့ လူထောင်နဲ့ချီ တောင်းဆို ဆန္ဒပြနေကြ

ယီမင် သမ္မတ နှုတ်ထွက်ပေးဖို့ အစိုးရ ဆန့်ကျင်သူ ထောင်ပေါင်း များစွာ ဒေါသတကြီး တောင်းဆို ဆန္ဒပြနေကြတဲ့ ဆဲန်နားမြို့တော်က လမ်းမတွေကို လက်နက်ကိုင် ပြိုင်ဖက် စစ်အုပ်စု နှစ်စုက ထိန်းချုပ်ထားပါတယ်။

တစုက သမ္မတ အာလီ အဗ္ဗဒူလာ ဆာလင်ကို သစ္စာ စောင့်သိသူတွေ ဖြစ်ပြီး နောက်တစု ကတော့ အတိုက်အခံတွေနဲ့ အခုအခါ ပူးပေါင်းလိုက်ပြီ ဖြစ်တဲ့ သြဇာ အရှိန်အဝါ ကြီးတဲ့ ဗိုလ်ချုပ်ကြီး အာလီ မိုဆန်းရဲ့ ကွပ်ကဲမှုအောက်က စစ်အုပ်စု ဖြစ်ပါတယ်။

သမ္မတ ဆာလင် ရာထူးကနှုတ်ထွက်ပေးရေးနဲ့ ပတ်သက်လို့ နှစ်ဖက်အကြား အလျှော့အတင်း သဘောတူမှု ရနိုင်အောင် ယီမင်နိုင်ငံဆိုင်ရာ အမေရိကန် သမ္မတကြီးက ကြားဝင် ညှိနှိုင်းပေးနေတာပါ။

ဒါပေမဲ့ အခုတော့ ဆွေးနွေး ပြောဆိုနေတာတွေ ရပ်ဆိုင်းသွားပါပြီ။

အတိုက်အခံတွေဖက်က သမ္မတ ဆာလင် ရာထူးက နှုတ်ထွက်ပေးရေး တောင်းဆိုနေမှုနဲ့ ပတ်သက်လို့ နောက်ထပ် စေ့စပ် ညှိနှိုင်းမှုတွေ ထပ်လုပ်ဖို့ သူတို့မှာ အစီအစဉ် မရှိတော့ဘူးလို့ ပြောပါတယ်။

သမ္မတ ဆာလင်ဖက်ကလည်း အခုနှစ်နှာင်းပိုင်းမှာ သမ္မတ ရာထူးကနေ ဆင်းပေးမယ် ဆိုပြီး အစောပိုင်းက ကမ်းလှမ်းထားတာကို ပြန်ရုတ်သိမ်းလိုက်ပါပြီ။

နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုရင် ယီမင်နိုင်ငံကြီး ပြိုကွဲ ပျက်စီး သွားမဲ့ ပုံမျိုး ရှိနေတဲ့ အတွက် နှစ်ဖက်စလုံးကို စေ့စပ် ညှိနှိုင်းမှုတွေ ပြန်လုပ်နိုင်အောင် အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ကြိုးစားမှာ ဖြစ်ပါတယ်။

တချို့ကတော့ အခုကတည်းကိုက ယီမင်နိုင်ငံ ပြိုကွဲစ ပြုနေပြီလို့ ပြောနေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက အာရေဗျ ကျွန်းဆွယ်က အယ်လ်ကိုင်ဒါ လက်နက်ကိုင် တွေက နိုင်ငံ တောင်ပိုင်း အာဘာယန်ဒေသမှာ ရှိတဲ့ သမ္မတ ဧည့်ရိပ်သာတခု၊ လက်နက်တိုက် တခုနဲ့ လုံခြုံရေး အဆောက်အဦတခုကို သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။