မြန်မာ့အရေး နိုင်ငံခြားစွမ်းအင်ကုမ္ပဏီတွေ တာဝန်ရှိ

Earthrights ဓာတ်ပုံ မူပိုင် Earthrights
Image caption Unocal နဲ့ Chevron စွမ်းအင် ကုမ္ပဏီတွေ ကိုလည်း ERI က တရားစွဲနိုင်ခဲ့

မြန်မာနိုင်ငံက သဘာဝ ဓာတ်ငွေ့တွေကို ပိုက်လိုင်း ဖောက်ပြီး သွယ်ယူဖို့ လုပ်ငန်း တွေ ဆောင်ရွက်ရာမှာ ပါဝင် ပတ်သက် နေတဲ့ တရုတ်၊ တောင်ကိုရီးယား နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေဟာ ဒေသခံ ပြည်သူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေမှာ ပတ်သက် တာဝန်ရှိနေတယ်လို့ မနေ့က ထုတ်ပြန်တဲ့ Earthrights International အဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက် အစီရင်ခံစာက ဆိုပါတယ်။

ဒေသခံတွေရဲ့ မြေတွေ အသိမ်းခံရတာ၊ အဓမ္မ လုပ်အားပေးခိုင်းခံရတာ၊ ဖမ်းဆီး နှိပ်စက် ညှင်းပမ်းခံရတာ စတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီ ပိုက်လိုင်း ဖောက်လုပ်ရာ လမ်းတလျှောက်မှာ ရှိတဲ့ ပြည်သူတွေ ခံစားနေရတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြ ထားပါတယ်။

တခါ ဒီ သဘာဝ ဓါတ်ငွေ့ တူးဖော် ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ကန်ထရိုက် ရဖို့ ပေးရတဲ့ ငွေတွေကလည်း အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ရှိနေပြီး ဒီငွေတွေကို ဘယ်လို သုံးစွဲတယ် ဆိုတာကိုလည်း တိတိကျကျ မသိရကြောင်း၊ ဒီငွေတွေက လာဘ်စားမှုတွေ ဖြစ်ပေါ် စေခဲ့တယ်ဆိုတဲ့ အချက်အလက် တချို့ကိုလဲ ရရှိထားတယ်လို့ Earthrights International က ဆိုပါတယ်။

ဒါကြောင့် နိင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက သဘာဝ ဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ပိုက်လိုင်း ဖောက်နေတဲ့ လုပ်ငန်းတွေကို ချက်ချင်း ရပ်ဆိုင်း ပစ်ဖို့၊ အစိုးရ အနေနဲ့လည်း တာဝန်သိတဲ့ ရင်းနှီး မြုပ်နှံမှုတွေ ဖြစ်လာနိုင်ဖို့ ဥပဒေ ပြဌာန်း ချက်တွေ မထုတ်နိုင်သေးခင် လုပ်ငန်းတွေ ဆိုင်းထားဖို့ Earthrights International က တောင်းဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာကို နှစ်နှစ်ကျော် အချိန်ယူ ပြုစုခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အသေအချာ မေးမြန်း စုံစမ်း လေ့လာပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာလို့ Earthrights International ရဲ့ Campaign Director မစ္စတာ Paul Downowitz က ဘီဘီစီကို ပြောပါတယ်။