လစ်ဗျားအရေး နိုင်ငံတကာဆွေးနွေး

Libya ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်က လစ်ဗျားကြားဖြတ် အသွင်ကူးပြောင်းရေး ကောင်စီက မာမွတ် ဂျဘရီးလ်နဲ့ တွေ့ဆုံ

လန်ဒန်မြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ လစ်ဗျား အရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံအများအပြားနဲ့ အဖွဲ့ အစည်းပေါင်း ၄၀ လောက်တက်ရောက်ခဲ့ကြပြီး လစ်ဗျားအရေးနဲ့ ပတ်သက်လို့ ဦးစားပေး လုပ်ဆောင်မယ့်ကိစ္စ တွေကို သဘောတူညီခဲ့ကြ ပါတယ်။

သဘောတူတဲ့အချက် သုံးချက်ကတော့ ဗိုလ်မှူးကြီး ကဒါဖီ အစိုးရအပေါ် စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး ဖိအားတွေ ဆက်ပေးဖို့၊ နောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို တိုးပေးဖို့ နဲ့ နောက်ဆုံးတချက် ကတော့ လစ်ဗျားရဲ့ အနာဂတ်နိုင်ငံရေး လမ်းစဉ်တစ်ခုပေါ်လာအောင် စတင်လုပ်ဆောင် ဖို့တွေ ဖြစ်ပါတယ်။

ဒါပေမယ့် လစ်ဗျားရဲ့အနာဂတ်လို့ ပြောရာမှာ ဒီအနာဂတ်ဟာ ဗိုလ်မှူးကြီး ကဒါဖီ နေရာက ဖယ်ပေးမပေးနဲ့လည်း လုံးဝသက်ဆိုင်နေပါတယ်။

အစည်းအဝေးမှာ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်တို့ကတော့ ကဒါဖီရဲ့ တရားဝင်မှုက မရှိတော့ဘူး၊ ကဒါဖီဟာ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံရမယ်၊ ကဒါဖီ ချက်ချင်းဆင်း ပေးရမယ်လို့ ပြောနေသလို အီတလီနဲ့ တချို့နိုင်ငံတွေကတော့ ကဒါဖီအတွက် ထွက်ပေါက်တစ်ခုခု ပေးသင့်တယ်၊ ဒါမှလည်း သွေးထွက်သံယိုမှုနည်းနည်းနဲ့ အဆုံးသတ်နိုင် ကောင်းမယ်လို့ ပြောကြပါတယ်။

တစ်ဘက်မှာလည်း ဒီအစည်းအဝေးမှာ သဘောတူဆုံးဖြတ်ချက် မချခဲ့ပေမယ့် တချို့ နိုင်ငံတွေက လစ်ဗျားသူပုန်တွေကို လက်နက်အကူအညီပေးဖို့ စဉ်းစားနေကြပါတယ်။

သံတမန်ရေး အားစိုက်လုပ်ဆောင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

အထူးသဖြင့်တော့ ဒီလန်ဒန်ညီလာခံအပြီးမှာ တစ်ဘက်မှာ စစ်ရေးတွေ ဆက်ရှိနေဦးမှာ ဖြစ်သလို သံတမန်ရေးကြိုးပမ်းမှုတွေကို ပိုပြီးလုပ်ကြမယ့် သဘော ရှိပါတယ်။

ဒီအတွက် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့သစ် တစ်ခုဖွဲ့ပြီး လုပ်ဆောင်မှာ ဖြစ်သလို ပထမအကြိမ်အဖြစ် ဒီအဖွဲ့ကို ကာတာ နိုင်ငံက ဦးဆောင်ဖို့ ရှိပါတယ်။

နောက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးဟာ မကြာခင် လစ်ဗျားကို သွားမယ်လို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ အစိုးရနဲ့ အတိုက်ခံအပြင် နိုင်ငံတကာကြား ညှိနှိုင်းဆောင်ရွက် သွားမယ်လို့ မစ္စတာ ဘန်က ပြောပါတယ်။

နောက်ပြီး ကြားနေတဲ့သဘောနဲ့ ဒီအစည်းအဝေးကိုမတက်တဲ့ အာဖရိကနိုင်ငံများသမဂ္ဂ အနေနဲ့လည်း သံတမန်ရေးကြိုးပမ်းမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါလာနိုင်ဖွယ်ရှိနေပါတယ်။