လစ်ဗျား ဝန်ကြီး ဗြိတိန် လာတာ ဘာကို ပြသလဲ

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် က ဗြိတိန် နိုင်ငံကို လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီး မူဆာ ခူဆာ (Moussa Koussa) ရောက်လာ ခဲ့မှုဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အစိုးရ အဖွဲ့တွင်း အစိတ်စိတ် အမွှာမွှာ ကွဲနေပြီး ဖိအားတွေ ခံနေရ တာကို ပြသ နေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဏာရှင် လက်အောက်မှာ အလုပ် ဆက် မလုပ် ချင်တော့ဘူး ဆိုတဲ့ ဝန်ကြီး ခူဆာ

အာဏာရှင် မစ္စတာ ကဒါဖီ ရဲ့ လက်အောက်မှာ အလုပ်ဆက် မလုပ်လို တော့ဘူးလို့ ဆိုတဲ့ မစ္စတာ မူဆာ ခူဆာ ဟာ ဗုဒ္ဓဟူးနေ ညက သီးသန့် လေယာဉ်နဲ့ တူနီးရှား နိုင်ငံကနေ ဗြိတိန် ကို ရောက်လာ ခဲ့တာ ဖြစ် ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် က မစ္စတာ ခိုဆာ ကို ဗြိတိန် နိုင်ငံ သို့မဟုတ် နိုင်ငံ တကာ တရားစီရင်မှု ကနေ ကင်းလွတ်ခွင့် ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက် မပေးထားဘူးလို့ အခိုင်အမာ ပြောပါတယ်။

လောလောဆယ်မှာ မစ္စတာ ခိုဆာ ဟာ ဗြိတိန် အရာရှိတွေကို သူ့ဆန္ဒ အရ ဆွေးနွေးနေ တယ်လို့ လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မစ္စတာ မူဆာခိုဆာဟာ ဘယ်လို လူလဲ

မစ္စတာ ခူဆာဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အာဏာရှင် အစိုးရ လက်အောက်မှာ အဓိက ကျတဲ့ အစိုးရ အဖွဲ့ဝင် တစ်ယောက် အဖြစ် နှစ်ပေါင်း များစွာ တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လွန်ခဲ့တဲ့ အနှစ် သုံးဆယ်က ဗြိတိန် ကနေ အနှင် ခံခဲ့ရဖူး

သူ ဗြိတိန် နိုင်ငံကို ရောက်လာခဲ့တဲ့ အချိန် ကလည်း ဗြိတိန် နိုင်ငံ လုံခြုံရေး အတွက် အန္တရာယ် ရှိတယ်လို့ ဆိုပြီး လန်ဒန်မြို့ လစ်ဗျား သံရုံးက သံတမန် ငါးယောက်ကို အစိုးရက တိုင်းပြည်က နှင်ထုတ် ခဲ့ချိန်နဲ့ တိုက်ဆိုင် နေပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က မစ္စတာ ခူဆာ ဟာ ဗြိတိန် နိုင်ငံ ဆိုင်ရာ လစ်ဗျား သံအမတ် ကြီး ဖြစ်ခဲ့ပြီး အဲဒီ အချိန်က အိုင်းရစ် စစ်သွေး ကြွ တွေကို ဗြောင် ထောက်ခံ ခဲ့တဲ့ အပြင် ဗြိတိသျှ မြေ ပေါ်မှာ လစ်ဗျား အစိုးရ ကို ဆန့်ကျင်သူ တွေကို သတ်ဖြတ်ဖို့ စီစဉ် ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဗြိတိန် ကနေ သူ နှင်ထုတ် ခံခဲ့ရဖူး ပါတယ်။

မစ္စတာ ခူဆာဟာ လစ်ဗျား နိုင်ငံကို တခြား နိုင်ငံတွေနဲ့ သံတမန် ဆက်ဆံမှုတွေ ပြန်ရအောင် ကြိုးစားရာမှာ အဓိက ကျသူ တစ်ယောက် ဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ဗိုလ်မှူးကြီး ကဒါဖီနဲ့ အဲဒီ အချိန်က ဗြိတိန် ဝန်ကြီးချုပ် တိုနီဘလဲ တို့ရဲ့ သမိုင်းဝင် တွေ့ဆုံပွဲ ဖြစ်မြောက်အောင် စီစဉ် ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့သူဟာ ၁၉၈၈ ခုနှစ်က လော့ကာဘီ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်မှု ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ပေါ်ထွက်ခဲ့ ပါတယ်။

အဲဒီ နောက်မှာ ဗုံးဒဏ် ခံခဲ့ရသူတွေ အတွက် လျော်ကြေး ပေးရေး ညှိနှိုင်းမှုတွေလုပ်ဆောင် ခဲ့ပြီး ဗုံးဖောက်ခွဲခဲ့သူ ၂၀၀၉ ခုနှစ်က ပြန်လွှတ် ပေးအောင် စေ့စပ် ညှိနှိုင်း ခဲ့သူလည်း ဖြစ်ပါတယ်။