အတိုက်အခံတပ်တွေက သမ္မတဘက်ဘိုကို ဝိုင်းထားပြီ

အိုင်ဗရီကို့စ် နိုင်ငံမှာ အာဏာစွန့်လွှတ်ဖို့ ငြင်းဆန်နေတဲ့ သမ္မတ လောရန့်ဘက်ပို တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဘီဂျန်မြို့ နယ်မြေတွေဆီကိုအလက်ဇန်းဝပ်တရာရဲ့ တပ်ဖွဲ့တွေဟာ ချဉ်းကပ်လာနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အတိုက်အခံတပ်တွေက သမ္မတ ဘက်ဘိုရဲ့ အိမ်တော်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေ

အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူလို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားတဲ့ အလက်ဇန်း ဝပ်တရာရဲ့ တပ်ဖွဲ့တွေဟာ မနေ့ ညပိုင်းမှာ အဘီဂျန်မြို့ထဲကို ဝင်လာတဲ့ အချိန် ကတည်းက ပြင်းထန်တဲ့ တိုက်ပွဲတွေ အခုအချိန် အထိ ဖြစ်ပွားနေဆဲပါ။

အဘီဂျန်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို တစ်နိုင်ငံလုံးမှာလဲ နေရာအများစုကို လက်ရှိ သမ္မတ လောရန့်ဘက်ဘိုရဲ့ တပ်တွေက လက်လွှတ်နေရပြီး မစ္စတာ ဝပ်တရာကို ထောက်ခံတဲ့ တပ်တွေက သိမ်းပိုက်နေကြပါတယ်။

အဘီဂျန်မြို့နဲ့ မိုင် ၁၅၀ လောက်ဝေးတဲ့ အိုင်ဗရီကို့စ်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ ရာမိုဆို ခရိုမှာလည်း ပြီးခဲ့တဲ့ သုံးရက်ကပဲ မစ္စတာ ဘက်ဘိုရဲ့တပ်တွေ ခုခံ တိုက်ခိုက်မှု မရှိပဲ ဆုတ်ခွာပေးခဲ့ရပါတယ်။

တချို့တပ်သားတွေကလည်း လက်နက်တွေ၊ ယူနီဖောင်းတွေကို စွန့်ခွာ ထွက်ပြေးခဲ့ရသလို တချို့ကလည်း ဘက်ပြောင်းပြီး မစ္စတာ ဝပ်တရာ တပ်တွေနဲ့ ပူးပေါင်းခဲ့ကြ ပါတယ်။

မစ္စတာဘက်ပိုဟာ အဘီဂျန်မြို့ ကိုကိုဒီ ရပ်ကွက်က သူ့နေအိမ်မှာ ရှိနေတုန်းပဲလို့ မစ္စတာ ဘက်ပိုရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

မြို့ထဲမှာရှိတဲ့ နိုင်ငံခြားသား ရာပေါင်းများစွာကိုတော့ မြို့အပြင်မှာ အခြေစိုက်ထားတဲ့ ပြင်သစ် စစ်စခန်းတစ်ခုထဲမှာ ခိုလှုံခွင့်ပေးထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိ

အခုလို အိုင်ဗရီကို့စ်နိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ အတည်မပြုနိုင်တဲ့ သတင်း တွေ အရ အလက်ဇန်းဝပ်တရာကို သစ္စာခံတဲ့ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေရရှိ ကြောင်း ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရုံးက ပြောပါတယ်။

ပြန်ပေးဆွဲတာတွေ၊ ထင်သလိုဖမ်းဆီးတာမျိုးတွေနဲ့ အရပ်သားတွေအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံတာတွေ ရှိခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်ရေး ကောင်စီက ပြောပါတယ်။

မစ္စတာ ဝပ်တရာအနေနဲ့ သူ့ကိုထောက်ခံသူတွေအပေါ် အသေအချာ ထိန်းထားဖို့ကိုလည်း ဂျနီဗာ လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောခွင့်ရသူက တောင်းဆိုလိုက်ပါတယ်။

တဖက်မှာလည်း လော့ရန့်ဘတ်ဘိုရဲ့ တပ်ဖွဲ့တွေဟာ အရပ်သားတွေကို သတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ တရား ရင်ဆိုင်ရနိုင်တယ်ဆိုပြီး၊ အဲဒီသူတွေကို ဂျနီဗာ လူ့အခွင့်အရေးကောင်စီက သတိပေးထား ပါတယ်။