ဆူနာမီဒဏ်ခံရသူတွေကို မေ့မထားဘူးလို့ ဂျပန် ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန်ဝန်ကြီးချုပ် နာအိုတိုကမ်က ဒုက္ခသည်တွေကို မေ့မထားပါဘူးလို့ အာမခံခဲ့

ဂျပန်နိုင်ငံမှာ ဒေသန္တရ ရွေးကောက်ပွဲတွေ အတွက် မဲဆန္ဒရှင်တွေ မဲပေးနေကြတဲ့ တချိန်တည်းမှာပဲ၊ ဝန်ကြီးချုပ် နာအိုတို ကမ်ဟာ ပြီးခဲ့တဲ့ တလက မြေငလျင်နဲ့ ဆူနာမီဒဏ်ခံရတဲ့ ဒေသတွေကို သွား ရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီသဘာဝ ဘေးဒဏ်ကို ခံခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်လို့ အခု ယာယီ ဒုက္ခသည်စခန်းတွေမှာ နေနေကြရသူအားလုံးအတွက် နေစရာအိမ်တွေ အမြန်ဆုံး စီစဉ်ပေးနိုင်ဖို့ သူ့အစိုးရက လုပ်ကိုင်မှာ ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆူနာမီရေလှိုင်း ရိုက်ခတ်ခဲ့ချိန် ကတည်းက အပြာရောင် လုပ်ငန်းခွင် ဝတ်စုံကို ဝတ်ဆင် ထားတဲ့ ဂျပန်ဝန်ကြီးချုပ် နာအိုတိုကမ်က ဒုက္ခသည်တွေကို မေ့မထားပါဘူးဆိုတာ အာမခံခဲ့ပါတယ်။

နေအိမ်တွေတည်ဆောက်ပေးသလို၊ ပျက်စီးထိခိုက်ခဲ့ရတဲ့ ငါးဖမ်းလုပ်ငန်းကိုပါ အမြန်ဆုံး ပြန်ထူထောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လှုပ်ခဲ့တဲ့ ငလျင်ဒဏ်၊ ဆူနာမီရေလှိုင်းကြီး ဒဏ်ကြောင့် လူပေါင်း တသောင်းကျော် သေဆုံးခဲ့ရပြီး၊ ပျောက်ဆုံးနေသူ ၁၅၀၀၀ လောက်ရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်ပိုင်း အခုလို အဆိုးရွားဆုံးသော သဘာဝ ကပ်ဒုက္ခ ရင်ဆိုင် ခဲ့ရတာကြောင့် အခု ရွေးကောက်ပွဲတွေဟာ တိုင်းပြည်အနေနဲ့ ရှေ့ဆက် ဘယ်လို့သွားမယ် ဆိုတာကို အဆုံးအဖြတ်ပေးမယ့် အလွန်တရာ အရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အကဲခတ်သူတွေက ပြောပါတယ်။

တိုကျိုမြို့က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကလည်း ဖူကူရှီမား နျူကလီးယား ဓါတ်အားပေး စက်ရုံက ဓတ်ရောင်ခြည် ယိုစိမ့်မှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုယ်တွယ်ပုံကို ကျေနပ်မှု မရှိ ကြောင်း ထုတ်ဖေါ်ခဲ့ကြပါတယ်။