မူဘာရက် ဆေးရုံ တင်ထားရ

Mubarak ဓာတ်ပုံ မူပိုင် AP
Image caption မူဘာရက်ကို အရေးပေါ် ဌာနကို ပို့ဆောင်ထား

အီဂျစ် ပြည်သူတွေရဲ့ ရွံ့ရှာ မုန်းတီးတာ ခံနေရတဲ့ သမ္မတဟောင်း မူဘာရက်ကို စစ်ဆေး မေးမြန်းဖို့ လုပ်နေတုန်းမှာ မူဘာရက်ကို နှလုံး ရောဂါနဲ့ အရေးပေါ် ဌာနကို ပို့ဆောင်ပေးခဲ့ရတယ်လို့ အီဂျစ် အစိုးရ ရုပ်သံ သတင်းမှာ ကြေငြာသွားပါတယ်။

မူဘာရက်ကို ပြုတ်ကျသွားစေတဲ့ လူထု ဆန္ဒ ပြမှုတွေ အတွင်း ဆန္ဒပြသူ ရာနဲ့ချီ သေဆုံး ခဲ့ရပြီး ဒီကိစ္စတွေနဲ့ သူ အုပ်ချုပ်ခဲ့တဲ့ ကာလ အတွင်း အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းဖို့ သူနဲ့ သူ့သားတွေကို အာဏာပိုင်တွေက ဆင့်ခေါ်ချိန်က စပြီး သူဟာ အစား အသောက် လက်မခံတော့ဘူးလို့ အီဂျစ် ရုပ်သံ သတင်းက ပြောပါတယ်။

အဲဒိအတွက်ကြောင့် သူ့ကို ရှမ်းအယ်လရှိတ် အပြည်ပြည် ဆိုင်ရာ ဆေးရုံမှာ ကုသပေးနေပြီး ခုနောက်ဆုံး သူ့အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာပြီလို့ ဆေးရုံ မန်နေဂျာက သတင်းထောက်တွေကို ပြောပါတယ်။

မူဘာရက် မိသားစုဟာ သူရာထူးက ဆင်းပေးရချိန်ကတည်းက ရှမ်းအယ်ရှိတ် မြို့လေးမှာ တိတ်တိတ် ဆိပ်ဆိပ် နေထိုင်နေတာ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစုဝင် တချို့၊ လက်ထောက် တချို့ကို အဂတိ လိုက်စားမှုတွေနဲ့ တရားစွဲဖို့ တောင်းဆိုနေဆဲ ဖြစ်တာမို့ ဆေးရုံ တဝိုက်မှာ ခါတိုင်းထက် လုံခြုံရေး တင်းကြပ် ထားပါတယ်။

အသက် ၈၂ နှစ် ရှိပြီ ဖြစ်တဲ့ မူဘာရက်ဟာ မနှစ်ကလည်း ဂျာမနီက ဆေးရုံ တခုမှာ သည်းခြေအိတ် သွားထုတ်ခဲ့ပြီး အဲဒိကတည်းက ကျန်းမာရေး မကောင်းတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သူ့ကို ဂျာမနီမှာ ဆေးကုသမှုပေးဖို့ သူ့ဆရာဝန်တွေက လက်ရှိ အာဏာရ စစ်ကောင်စီကို ထောက်ခံ တင်ပြထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့်လည်း သူအပါအဝင် သူ့မိသားစုဝင်တွေကို ပြည်ပ မထွက်နိုင်အောင် တားဆီး ပိတ်ပင်ထားသလို သူတို့ရဲ့ ပြည်ပက ပိုင်ဆိုင်မှုတွေကိုလည်း အပြောင်းအရွှေ့ မလုပ် နိုင်အောင် တားထားပါတယ်။

ဒီအတောအတွင်းမှာ ကိုင်ရို မြို့လယ်ခေါင်က တာဟီရာ ရင်ပြင်မှာ ချထားတဲ့ သံဆူကြိုး အရံအတားတွေကို အာဏာပိုင်တွေက လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ ဖယ်ရှား ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

အဲဒိ ရင်ပြင်မှာ ဆန္ဒပြသူတွေက သောကြာနေ့ညကတည်းက စုဝေး ရောက်ရှိနေတာ ဖြစ်ပြီး မူဘာရက်ကို တရားစွဲဖို့ သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း ရင်ပြင်မှာ ဆက်လက် ဆန္ဒ ပြသွားမယ်လို့ ပြောနေပါတယ်။