အပစ်ရပ် ကမ်းလှမ်းချက် သူပုန်တွေ ပယ်ချ

Libya ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စရာတာက ဆေးရုံတွေမှာ လူနာတွေ ကုလို့ မနိုင် ဖြစ်နေ

လစ်ဗျား ခေါင်းဆောင် ကာနယ် ဂဒါဖီရဲ့ အပစ်အခပ် ရပ်စဲရေး ကမ်းလှမ်းချက်ကို လစ်ဗျား အတိုက်အခံတွေက ပယ်ချ လိုက်ပါတယ်။

ဒီကမ်းလှမ်းချက်မှာ ဂဒါဖီ တိုင်းပြည်က ထွက်သွားရမယ်ဆိုတဲ့ အချက် မပါဘဲ ဒီအချက် မပါတဲ့ ဘယ်ကမ်းလှမ်းချက်မျိုးမဆို လစ်ဗျား ပြည်သူတွေအတွက်၊ လစ်ဗျား နိုင်ငံရေး လုပ်ငန်းစဉ်မှာ လက်ခံနိုင်စရာ မရှိဘူးလို့ အတိုက်အခံ ယာယီ အမျိုးသား ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သူပုန်တွေရဲ့ ဌာနချုပ်က လောလောဆယ် နိုင်ငံ အရှေ့ဘက်ခြမ်းမှာ ရှိနေပေမယ့် အပြင်း ထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာကတော့ လစ်ဗျား နိုင်ငံမှာ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မစ္စရာတာမြို့မှာ ဖြစ်ပါတယ်။

မစ္စရာတာမြို့ကို သူပုန်တွေနဲ့ ဂဒါဖီပေါ် သစ္စာစောင့်သိတဲ့ တပ်တွေ အပြန်အလှန် သိမ်းနေကြပြီး နှစ်လလောက် ရှိသွားပြီဖြစ်ပြီး ဆေးရုံတွေကလာတဲ့ သတင်းတွေအရ အရပ်သားတွေ ကလေး လူကြီး ယောက်ျား မိန်းမ မကျန် နေ့စဉ်လိုလို အသတ်ခံနေရပြီး အတော်များများဟာ အစိုးရ အဆောက်အဦ ခေါင်မိုးတွေမှာ နေရာ ချထားတဲ့ လက်ဖြောင့် တပ်သားတွေရဲ့ ချောင်းမြောင်း ပစ်ခပ်မှုတွေမှာ ဓားစာခံ ဖြစ်ခဲ့ကြရပါတယ်။

ဆရာဝန်တွေ ခမျာ ခုသွေးထွက်သံယို အဖြစ်အပျက်တွေကို နေ့စဉ် မြင်နေရတာ ရက်ပေါင်း ခြောက်ဆယ် ရှိပြီမို့ အရမ်းကို ပင်ပန်းနေပြီး သတင်းတွေမှာ ပြောနေတဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းဆိုတာ ဘယ်မှာလဲ၊ ဘာလုပ်နေလဲ ဆိုပြီး ဒေါသတကြီး မေးခွန်း ထုတ်နေပါတယ်။

မနေ့ကတော့ ဒဏ်ရာရသူတွေထဲမှာ အနောက် နိုင်ငံတွေက သတင်းထောက် တချို့ ပါလာပြီး အဲဒိထဲမှာ တယောက်သေဆုံးသွားပါတယ်။ နောက်ပိုင်းမှာ အဲဒိ သေသွားတဲ့ သတင်းထောက်ဟာ ဓာတ်ပုံသတင်းပညာနဲ့ ဆုတွေ ရခဲ့တဲ့ ဗြိတိသျှ ဓာတ်ပုံ သတင်းထောက် တင်ဟယ်သရင်းတန် ဖြစ်တာ သိရတယ်လို့ အော်လာ ဂစ်ရင်က သတင်းပေးပို့ပါတယ်။

နောက်တခါ သူမနေ့က မြို့ထဲကို လျှောက်ကြည့်ရာမှာ စိတ်ထဲ မနှစ်မြို့စရာကောင်းတဲ့ ခံစားမှုမျိုး ခံစားရတယ်၊ ဆိုင်တွေလည်း ပိတ်ထားသလို လူတွေဟာ သူတို့ကို တယောက်ယောက်က တချိန်လုံး စောင့်ကြည့်နေတယ်ဆိုတဲ့ အသိမျိုးနဲ့ နေနေကြရပုံ တွေ့ရတယ်လို့ ပြောပါတယ်။

တကယ်လည်း ဂဒါဖီရဲ့ လက်ဖြောင့် တပ်သားတွေက တိုက်တွေပေါ်ကနေ စောင့်ကြည့်နေပြီး သူတို့ ကျည်ဆံအောက်မှာ အသက်ပေျာက်ခဲ့ရသူတွေထဲမှာ အရပ်သားတွေ၊ ခလေးတွေပါ ပါပါတယ်။

ဆရာဝန်တွေ ကိုယ်တိုင်က ဆေးရုံတွေမှာ ကျည်မှန်ပြီး ရောက်လာတဲ့ ခလေးတွေ နေ့တိုင်း ရှိတယ်လို့ ပြောပါတယ်။ လူတွေ ကိုယ်တိုင်က သူတို့ကို ပစ်မှတ်ထား ပစ်ခတ်နေတာကို သိတယ်၊ သူတို့ သွားရ လာရတာ မလုံခြုံဘူးဆိုတာ သိတယ်၊ ဒါပေမယ့် ဘာမှ မတတ် နိုင်ကြဘူးလို့ အော်လာ ဂစ်ရင်က သတင်းပေးပို့ထားပါတယ်။