လစ်ဗျားစစ်ဆင်ရေးအတွက် မောင်းသူမဲ့ လေယဉ်သုံးခွင့်ပြု

Image caption မောင်းသူမဲ့ တိုက်လေယဉ်

လစ်ဗျားက နေတိုးစစ်ဆင်ရေးမှာ သုံးဖို့ ဒုံးလက်နက်တွေ တပ်ဆင်ထားတဲ့ မောင်းသူမဲ့ လေယဉ် ၂စင်းကို အမေရိကန်သမ္မတက သုံးခွင့်ပြုလိုက်ပါပြီ။

လေကြောင်း စစ်ဆင်ရေးတွေမှာ ပစ်မှတ်ကို တိတိကျကျ တိုက်ခိုက်နိုင်ဖို့ သမ္မတက ခွင့်ပြုခဲ့တာလို့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က ပြောခဲ့ပါတယ်။

ဒီမောင်းသူမဲ့ လေယာဉ်တွေက ခေတ်အမှီဆုံး ၊ အမေရိကန်ရဲ့ တမူထူးခြားတဲ့ တိုက်ခိုက်ရည်ကို ပြနိုင်တဲ့ လက်နက်တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လောလောဆယ် အင်တာနက် You Tube ဝက်ဆိုက်မှာ တင်ထားတဲ့ ဗွီဒီယိုအရ လစ်ဗျားနိုင်ငံ အနောက်ဘက်တောင်တန်းတွေပေါ်မှာ လစ်ဗျားအစိုးရကို ဆန့်ကျင်သူတွေ အောင်ပွဲခံနေကြတာကို မြင်ရပါတယ်။

သူတို့ဟာ လစ်ဗျားအစိုးရ တပ်ဖွဲ့တဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့ကြပြီး တချို့ သေဆုံးခဲ့တာကို တွေ့ရပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေရာမှာ တွေ့ရှိချက်တွေအရ အဲဒီလူတွေဟာ အယ်ဂျီးရီးယား၊ချတ်နဲ့ မာလီနိုင်ငံတွေက ကြေးစားစစ်သားတွေလို့ အစိုးရဆန့်ကျင်သူတွေက ပြောပါတယ်။

လစ်ဗျားအနောက်ဘက်တောင်တန်းဟာ တူနီးရှားနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသဖြစ်ပြီး အဲဒီမှာနေထိုင်သူတွေဟာ Berbers လူမျိုးစုတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့ ဟာ အာရပ်လူမျိုးတွေ မဟုတ်ဘဲ ကဒါဖီအစိုးရကို ကာလကြာမြင့်စွာကတည်းက ဆန့်ကျင်နေခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ ရွာတွေကို လစ်ဗျားအစိုးရတွေက ဝိုင်းထားပြီးတိုက်ခိုက်ခဲ့ပါတယ်။

အခု ရရှိတဲ့သတင်းတွေ အရ တူနီရှားနိုင်ငံကို ဖြတ်တဲ့ နယ်စပ်စခန်းတခုကို အစိုးရ ဆန့်ကျင်သူတွေက သိမ်းယူခဲတယ်လို့ ဆိုပါတယ်။

မသိမ်းယူခင် သူတို့ နဲ့ တိုက်ခိုက်ရာမှာ ရှုံးနိမ့်လို့ ဆုတ်ခွာသွားခဲ့တဲ့ လစ်ဗျားအစိုးရ တပ်ဖွဲ့ဝင် ၁၃ ဦးဟာ တူနီရှား နယ်ခြားစောင့်တပ်မှာ လက်နက်ချခဲ့တယ်လို့ သတင်းရပါတယ်။

အဲဒီအထဲမှာ ဗိုလ်ချုပ်အဆင့် အရာရှိတဦးပါတယ်လို့ ဆိုပါတယ်။

မြို့တော် ထရီပိုလီမှာတော့ လစ်ဗျားအစိုးရက အသေအချာ ကြီးကြပ်မှုနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ချင်တယ်လို့ အခိုင်အမာ ဆက်ပြောနေတုံးပါ။

ဗြိတိသျှအစိုးရကတော့ ဗိုလ်မှူးကြီးကဒါဖီကို မဖယ်ရှားသရွေ့ လစ်ဗျားအစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာတွေ မလုပ်ချင်ပါဘူး။

ဒါပေမဲ့ နေတိုးအဖွဲ့ကတော့ ဗြိတိန် ပြင်သစ်နဲ့ အီတလီတို့က လစ်ဗျားကို စစ်ရေး အကြံပေးတွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် စိုးရိမ်နေပါတယ်။

ကဒါဖီအစိုးရ တကယ့်ကို အစစ်အမှန် အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းခဲ့ရင် နေတိုးအဖွဲ့အတွင်းမှာ ကို အချင်းချင်း ဖိအားပေးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျရမီဘိုဝမ်က သတင်းပေးပို့ထားပါတယ်။