အိန္ဒိယမြန်မာနယ်စပ် သစ်မှောင်ခိုသူတွေဖမ်း

Image caption မိုးရေးမှာတွေ့ရတဲ့ မြန်မာသစ်တွေ

အိန္ဒိယ မြန်မာနယ်စပ် တမူးမြို့ကနေ အိန္ဒိယနိုင်ငံဘက်ကို တရားမ၀င်သစ်နဲ့ သစ်တောထွက်ပစ္စည်း ရောင်း၀ယ်နေတဲ့သူတွေ၊ သစ်စက်လုပ်ငန်းရှင် ၇၀ ကျော်နဲ့ သစ်တော၀န်ထမ်းတွေကို နေပြည်တော်ကနေဆင်းလာတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးမှု တွေလုပ်နေတယ် လို့သိရပါတယ်။

အိန္ဒိယ မြန်မာနယ်စပ် အရင်ကတည်းက သစ်မှောင်ခိုလုပ်ငန်း လုပ်နေတာ ကြာပြီဖြစ်ပေမယ့် ခုလို နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့က ဆင်းပြီး ဖမ်းတာဟာ ပထမဆုံး အကြိမ်နဲ့ အရေအတွက်အများဆုံး ဖြစ်ပါတယ်။

ဧပြီ ၁၉ ရက်ကစပြီးနေပြည်တော်အထူးစုံစမ်းစစ်ဆေးရေးကဖမ်းတဲ့ထဲမှာ သစ်လုပ်ငန်းရှင်တွေအပြင် သစ်တောဦးစီးဌာနက ၀န်ထမ်းတွေကိုပါ အကျယ်ချုပ်နဲ့ ထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ တမူးဒေသခံတယောက်က ဘီဘီစီကို ပြောပြပါတယ်။

မြန်မာကုန်သည်နဲ့ အိန္ဒိယဘက်က ကုန်သည်တွေပေါင်းပြီး တမူးဘက်ကနေ အိန္ဒိယဘက်ခြမ်း မိုရေးမြို့ထိ တရားမ၀င်လမ်းကြောင်းကနေ သစ်တွေတင်ပို့ပြီးတော့ အဲဒီကတဆင့် မဏိပူပြည်နယ်အင်ဖားထိ တင်ပို့ရောင်းချနေကြတာလို့သိရပါတယ်။

ဖြောင့်တဲ့သစ်ပင် တပေပတ်လည် နှစ်ပေပတ်လည်လောက်က စလို့ ခုတ်ကြတဲ့ အတွက် မြန်မာဘက်မှာ သစ်တွေကတော့ ကုန်သလောက်တော့ ရှိပြီလို့ အိန္ဒိယ မြန်မာနယ်စပ်မှာ နေထိုင်တဲ့သူတယောက်က ပြောပါတယ်။

မဖမ်းခင်အရင်ရက်တွေကဆိုရင် နေ့စဉ်လိုလို မြန်မာဘက်ကနေ တရားမ၀င်လမ်းကနေ သစ်ကား ၁၀ စီးနဲ့ အစီး ၂၀ ကြားမှာ ပုံမှန်သွားနေကြတယ်လို့ ပြောပါတယ်။ အခုဖမ်းဆီးစစ်ဆေးမှုဟာ နေပြည်တော်အဆင့်က ဆင်းလာတာဖြစ်တဲ့အတွက် ဖမ်းခံထားတဲ့သစ်ကုန်သည်တွေက ဖေါ်ထုတ်လာရင် နောက်ထပ်အစိုးရ၀န်ထမ်းတွေနဲ့ အာဏာပိုင်တချို့ဖမ်းဆီးခံရနိုင်သေးတယ်လို့ ဒေသခံတွေအကြား ပြောဆိုနေကြပါတယ်။