တော်ဝင် မင်္ဂလာပွဲကို ကြည့်ဖို့ လူတွေ ညအိပ်စောင့်ကြ

Image caption ပရိသတ်ကို ထွက်ကျေးဇူးတင်စကားပြောတဲ့ သတို့သား မင်းသား ဝီလျံ

လန်ဒန်အချိန် မနက် ၁၁နာရီ မြန်မာစံတော်ချိန် ညနေ ၄နာရီခွဲမှာ ဗြိတိသျှနန်းလျာ မင်းသား ဝီလျံနဲ့ အရပ်သူလေး ကိတ် မစ်ဒဲဒန်တို့ရဲ့ မင်္ဂလာအခမ်းအနားကို Westminister Abbey ဘုရားကျောင်းမှာ ကျင်းပပါတော့မယ်။

ဘုရင်မကြီးရဲ့ စံအိမ်Buckingham Palace ဘာကင်ဟမ်နန်းတော် ကနေ မင်္ဂလာပွဲကျင်းပမဲ့ Westminister Abbey ဘုရားကျောင်းကို သွားရာ လမ်းတလျှောက်မှာ ယူနီယံဂျက်အလံ တွေ တလူလူလွင့်ထူထားပြီး၊ မင်းသားဝီလျံနဲ့ ကိတ်တို့ကို ကြည့်ရှုအားပေးမဲ့ ရာနဲ့ချီတဲ့ ပရိသတ်တွေဟာလည်း လမ်းတလျှောက်မှာ ကောင်းကောင်းမြင်ရတဲ့ နေရာကောင်းရအောင် ရွက်ဖျင်တဲတွေနဲ့ မနေ့ညကတည်းက ညအိပ်စောင့်နေကြပါတယ်။

လူတွေဟာ အမျိုးသားသီချင်းတွေ ဆိုကြ နဲ့ တပျော်တပါး စုဝေးနေကြပြီးတချို့က ဝီလျံနဲ့ ကိတ်တို့ရုပ်ပုံတွေ ရိုက်ထားတဲ့ တီရှပ်တွေ ပလတ်စတိတ် သရဖူတွေ ဝတ်ထားကြပါတယ်။

မနေ့က ညနေမှာ နန်းတော်ရှေ့က ပရိသတ်ကို မင်းသားဝီလျံက သူရဲ့ မင်္ဂလာပွဲကို လာအားပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ကိုယ်တိုင်ပြောခဲ့တာကြောင့် ပရိသတ်ကြီးက ဝမ်းသာကျေနပ်စွာနဲ့ အော်ဟစ်သြဘာပေး ခဲ့ကြပါတယ်။

စောစောပိုင်းကလဲ ဝီလျံနဲ့ကိတ်တို့က လူထုကြီးရဲ့ တုန့်ပြန်မှုကို မြင်ရကြားရလို့ အရမ်းကို ကြည်နူးစိတ်လှုပ်ရှားရပါတယ်လို့ ပြောခဲ့ကြပါတယ်။

Image caption ပရိသတ်ကို နှုတ်ဆက်နေတဲ့ သတို့သမီးကိတ်

ညအိပ်စောင့်နေကြတဲ့ အမျိုးသမီးတဦးက သူတို့ စေ့စပ်တဲ့သတင်းကြားကတည်းက မင်္ဂလာပွဲကို သွားဖြစ်အောင်သွားဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့သလို တဦးကတော့ မက္ကဆီကိုကနေလာတာ မနေ့က ညနေ ၃နာရီကတည်းဒီနေရာကို ရောက်နေတာလို့ ပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု မီနီဆိုတာကလာတဲ့ ကာရိုဟတ်နာကတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက အင်္ဂလန်ကို ရောက်လာခဲ့ပြီး မနေ့က မနက် ၈ နာရီက နေရာစယူထားတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ တုံးက ချားနဲ့ ဒိုင်ယာနာ မင်္ဂလာ အခမ်းအနားကို ကြည့်ခဲ့တဲ့နေရာကနေ ကြည့်မယ်လို့ ကြံပေမဲ့ အဲဒီမှာ ဘယ်သူမှ မနေရဘူးလို့ ပြောလို့ အကောင်းဆုံးမြင်နိုင်မဲ့ နောက်တနေရာကို ရွေ့ရမယ်လို့ မစ္စဟတ်နာက ပြောပါတယ်။

မနေ့ကတော့ ကိတ်နဲ့ သတို့သားအရံ မင်းသားဟယ်ရီတို့ ဝက်မင်စတာဘုရားကျောင်းမှာ မင်္ဂလာအခမ်းအနား ကို နောက်ဆုံးအကြိမ် အစမ်းလေ့ကျင့် ခဲ့ကြပါတယ်။

မနက် ၁၁ နာရီ စမဲ့ လက်ထပ်မင်္ဂလာအခမ်းအနားကို ဝက်စမင်စတာ ဘုရားကျောင်း ဘုန်းတော်ကြီး Dr John Hall က အခမ်းအနားမှုး အဖြစ် ဦးဆောင်ပြီး ကန်တာဘူရီမြို့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး Dr Rowan William က မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒဲလ်တန်တို့ကို လက်ထပ် ပေးမှာ ဖြစ်ပါတယ်။

ကိတ်ရဲ့ သတို့သမီး ဝတ်စုံက ဘယ်လိုပုံစံ၊ ဘယ်လိုဒီဇိုင်း ရှိမလဲ ဆိုတာကတော့ အခုထက်ထိ လျှို့ဝှက် ထားဆဲဖြစ်ပေမယ့် သူ့ဝတ်စုံဟာ တည်တည်ခန့်ခန့် ရိုးရိုးယဉ်ယဉ်ပဲ ဖြစ်လိမ့်မယ်လို့ မှန်းကြပါတယ်၊

ဝီလျံကတော့ သူ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ် ဆောင်ရွက်တဲ့ အိုင်းရစ် အစောင့်တပ်ဖွဲ့ရဲ့ ဝတ်စုံ အနီရောင် ယူနီဖေါင်းကို ဝတ်မယ်လို့ ဆိုပါတယ်။

မင်္ဂလာအခမ်းအနား ပြီးသွားတဲ့အခါ လန်ဒန်အချိန် နေ့လည် ၁၂ နာရီ ၁၅မိနစ် မှာ သတို့သား သတို့သမီးတို့ မင်းခမ်းမင်းနား မြင်းရထားတွေနဲ့ Westminister Abbey ဘုရားကျောင်းကနေ ဘုရင်မကြီးရဲ့ စံအိမ်Buckingham Palace ဘာကင်ဟန်နန်းတော်ကို သွားကြမှာဖြစ်ပါတယ်။

နေ့လည် တနာရီ ၂၅ မိနစ်မှာ နန်းတော် အပေါ်ထပ် လသာဆောင်ကနေ သူတို့သားသူတို့သမီးတို့ ဘုရင်မ မိသားစု နဲ့အတူ ပရိသတ်ကြီးကို ထွက်နှုတ်ဆက် ကြမှာ ဖြစ်ပါတယ်။

မင်းသားဝီလျံရဲ့ မိဘ၂ ပါးဖြစ်တဲ့ ချားစ်မင်းသားနဲ့ မင်းသမီး ဒိုင်ယာနာတို့ လက်ထပ်စဉ်ကလည်း ဒီလိုဘဲ ထွက်နှုတ်ဆက်ခဲ့တာ ဖြစ်ပြီး နှစ်ဦးနမ်းနေတဲ့ ဓါတ်ပုံဟာ လူတွေရဲ့ နှလုံးမှာ စွဲငြိနေခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဝီလျံရဲ့ မိခင် ဖခင် ချား နဲ့ ဒိုင်ယာနာ

အခုတော့ ပူပူနွေးနွေး လက်ထပ်ပြီးခါစ ဝီလျံနဲ့ ကိတ်တို့ရဲ့ စက္ကန့်ပိုင်းလောက် မင်္ဂလာ အနမ်းကို မြင်ရဖို့ နန်းတော်ရှေ့မှာ ပရိသတ်ကြီး စိတ်လှုပ်ရှားစွာ စောင့်စားနေကြသလို ကမ္ဘာတဝှမ်းက လူ သန်းနှစ်ထောင်လောက် ကလည်း ရုပ်မြင်သံကြားကနေ တဆင့်ကြည့်ဖို့ စိတ်စောနေကြပါတယ်။