NATO စစ်ဆင်ရေးမှာ အီတလီ ပါဝင်မယ်

ဓာတ်ပုံ မူပိုင် AP
Image caption အီတလီ ဝန်ကြီးချုပ် Berlusconi

လစ်ဗျားနိုင်ငံက ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ နေတိုးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ သူတို့နိုင်ငံက လေတပ်က ပူးပေါင်း ပါဝင်တော့မယ်လို့ အီတလီက ပြောကြားလိုက်ပါတယ်။

သမ္မတ အိုဘားမားနဲ့ တယ်လီဖုန်း စကားပြောခဲ့ပြီးတဲ့နောက် အီတလီရဲ့ မူဝါဒ ကို ပြောင်းလိုက်ရတာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် Silvio Berlusconi က ဆိုပါတယ်။

လစ်ဗျား နိုင်ငံက အရပ်သားတွေကို ကာကွယ်ဖို့ တိကျတဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ပူးပေါင်း ပါဝင်မယ်လို့ အီတလီ ခေါင်းဆောင်က ပြောပါတယ်။

အီတလီ အနေနဲ့ လစ်ဗျား စစ်ဆင်ရေးမှာ တက်တက်ကြွကြွ ပိုမိုပါဝင် လာဖို့ နေတိုး အဖွဲ့ဝင်တွေက ဖိအားပေးတာကို ခံနေရပေမယ့် အခုထိတော့ သူ့လေယာဉ်တွေကို ကင်းထောက်တဲ့ ကိစ္စ တွေမှာသာ သုံးခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားမှာ အနောက်နိုင်ငံ တွေက စစ်ရေးအရ ကျူးကျော် ဝင်ရောက်မှုဟာ အရှေ့ အလယ်ပိုင်းက ပြည်တွင်းစစ် ဖြစ်ပွားမှုတွေကို မီးလောင်ရာ လေပင့်သလို ဖြစ်စေတယ်လို့ ရုရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov

လစ်ဗျားမှာ ရှိတဲ့ အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမား သူပုန်တွေ ဖက်ကနေ အနောက် နိုင်ငံတွေက ရပ်တည်ပေးခဲ့ပြီး ဒါဟာ တခြား နိုင်ငံ တွေက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သူတို့လည်း အလားတူ အကူအညီတွေ ပေးလာလိမ့်မယ်လို့ မှတ်ယူနိုင်ကာ အားပေးအားမြှောက် ဖြစ်စေကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ပြောပါတယ်။

ဆူပူတွေက အရှေ့အလယ်ပိုင်း တလွှားမှာ ပြန့်နှံ့သွားပြီး နောက်ထပ် ပြည်တွင်းစစ်တွေ ဖြစ်ပေါ်လာဖို့ ဖိတ်ခေါ်နေသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

လတ်တလောမှာ လစ်ဗျားက အရပ်သားတွေကို ကာကွယ်ဖို့ မပျံသန်းရဇုံ သတ်မှတ်ရေး အတွက် ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက် ချခဲ့တုန်းက ရုရှား နိုင်ငံက ကြားနေ နေခဲ့တာ ဖြစ်ပါတယ်။