ဝီ​လျံနဲ့​ကိတ်​တို့ သမီး​မွေး​ရင် ဘုရင်​မ ဖြစ်​မ​လား

အင်္ဂလန်ရဲ့ ထီးမွေနန်းလျာ ဆက်ခံရေး စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ ပြန်သုံးသပ် နေတယ်လို့ ဗြိတိသျှ အစိုးရက အတည်ပြု ပြောကြား လာတာကြောင့် သောကြာနေ့မှာ မင်္ဂလာပွဲ ဆင်နွှဲကြမယ့် တော်ဝင်မင်းသား ဝီလျံနဲ့ သူ့ချစ်သူ ကိတ် မစ်ဒယ်လ်တန်တို့မှာ သမီးလေး မွေးလာရင် ဘုရင်မ ဖြစ်လာနိုင်ချေ ရှိတော့မှာ ဖြစ်ပါတယ်။

Image caption မင်းသားဝီလျံနဲ့ ချစ်သူ ကိတ်

လက်ရှိ ကျင့်သုံးနေဆဲ တော်ဝင် စည်းမျဉ်းတွေ အရတော့ နန်းလျာအတွက် သမီးထက် သားက ဆက်ခံပိုင်ခွင့် ရသလို ဖြစ်နေပါတယ်၊ လက်ရှိ ဘုရင်မကြီး အဲလီဇဘက်တောင် မွေးချင်း မောင်တွေ၊ အကိုတွေ မရှိလို့သာ ဘုရင်မ ဖြစ်လာခဲ့တာပါ။

ဝိတိုရိယ ဘုရင်မကြီး လက်ထက်မှာလည်း နန်းလျာဆက်ခံဖို့အတွက် ပထမကလေးက သမီးဖြစ်နေလို့ ထီးနန်းဆက်ခံခွင့် မရခဲ့ဘဲ သားဦး မဟုတ်ပေမယ့် သားဖြစ်တဲ့ အက်ဒွပ်က အသက် ၅၉ ပြည့်ပြီးကာမှ ဘုရင်ဖြစ်လာ ခဲ့ပါတယ်။

တကယ်တော့ ဝီလျံမင်းသားက နန်းလျာ ဆက်ခံမှုမှာ သူ့အဖေ ချားလ်စ် မင်းသားရဲ့ နောက်မှာပဲ ရှိနေပါသေးတယ်၊ အဖွား ဘုရင်မကြီး အဲလီဇဘက်ကလည်း ကျန်းမာရေး ကောင်းနေသေးတယ်၊ အဖေဖြစ်တဲ့ ချားလ်စ်ကလည်း ၆၂ နှစ် ဆိုတော့ အသက်က ကြီးလာပြီ၊ ဒီတော့ ဝီလျံက ဘုရင်မကြီး မရှိရင် အဖေကို ကျော်လို့ ဘုရင်ဖြစ်လာ မလားလို့ မှန်းဆ ပြောဆိုသူ တွေလည်း ရှိပါတယ်။

ဘုရင်စနစ်ကို ကျင့်သုံးတဲ့ ဒိန်းမတ်၊ နော်ဝေးနဲ့ ဆွီဒင် နိုင်ငံတွေမှာတော့ သားဦးဆိုရင် သားဖြစ်မှ နန်းလျာ ဆက်ခံခွင့် ရှိတယ် ဆိုတဲ့ စည်းမျဉ်းကို ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်၊ ဒါပေမဲ့ စပိန်မှာတော့ သားကိုပဲ ဦးစားပေးတုန်း ဖြစ်ပါတယ်။

အခုလို သားနဲ့သမီးကို တန်းတူ အခွင့်အရေး ပေးဖို့ စသဖြင့် ထီးနန်း ဆက်ခံရေး စည်းမျဉ်းတွေ ပြောင်းမလားလို့ စဉ်းစားတာ ဒီတကြိမ်က ပထမအကြိမ် မဟုတ်ပါဘူး၊ ၂၀၀၉ ခုနှစ်ကလည်း ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်း လက်ထက်က ကြိုးပမ်းခဲ့သေးပေမယ့် ဝန်ကြီးချုပ် သက်တမ်း ကုန်သွားလို့ ရပ်သွား ခဲ့ဖူးပါတယ်။