တော်ဝင်မင်္ဂလာပွဲ

အချိန်အားလုံးဟာ ဂရင်းနစ် စံတော်ချိန် ဖြစ်ပါတယ်။

၁၂၄၅ ဘီဘီစီရဲ့ အင်တာနက်က တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ဒီမှာပဲ ရပ်နားလိုက်ပါပြီ။

၁၂၄၀ မင်္ဂလာမောင်နှံဟာ မင်္ဂလာဦး ပျားရည်ဆမ်းခရီးထွက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပေမဲ့ ဘယ်ကို သွားမယ်ဆိုတာကိုတော့ ထုတ်မပြောသေးပဲ ထားပါတယ်။

၁၂၃၄ ဝီလျံနဲ့ ကိတ် တို့ လူထုရှေ့မှာ ဒုတိယအကြိမ် အနမ်းပေးခဲ့ပြီးတဲ့နောက်မှာတော့ နန်းတော်ထဲ ပြန်ဝင်သွားကြပါပြီ။ သူတို့ခဏနေရင် အနားက ကလဲရင့်စ်စံအိမ်ကို ပြန်အနားယူကြမယ်၊ ညနေပိုင်းမှာတော့ ချားလ်စ်မင်းသားက တည်ခင်းဧည့်ခံမဲ့ ဧည့်ခံပွဲကို မင်္ဂလာမောင်နှံတက်ကြမှာပါ။

၁၂၃၃ လက်ပြနေတဲ့ ဇနီးမောင်နှံရဲ့ ပထမဆုံး အနမ်းကိုလည်း လူထုကြီးတွေ့ခဲ့ရပါတယ်။

၁၂၃၀ အသစ်စက်စက် ဇနီးမောင်နှံ၊ ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုတွေ စုံစုံညီညီ နန်းတော် လသာဆောင်ကနေ ထွက်နှုတ်ဆက်နေကြပါပြီ။

၁၂၃၀ တော်ဝင်ဘုရင့်လေတပ်မတော်က လေယာဉ်တွေလဲ ဂုဏ်ပြုတဲ့ အနေနဲ့ ကောင်းကင်မှာ ပျံသန်းကြဦးမှာပါ။

၁၁၄၀ ဝက်စမင်စတာ ဘုရားကျောင်းနားမှာ စောင့်ဆိုင်းနေခဲ့ကြတဲ့ လူအုပ်ကြီးဟာ အခုတော့ ဘတ်ကင်ဟမ်နန်းတော်ဖက်ကို ပြန်လာနေကြပါပြီ။

၁၁၃၀ အသစ်စက်စက် မင်္ဂလာမောင်နှံဟာ နန်းတော်ရဲ့ လေသာဆောင်ကနေ လူတွေကို မကြာခင် ထွက်နှုတ်ဆက်ကြမယ်လို့လဲ သိရပါတယ်။

၁၁၂၇ ဘုရင်မကြီးနဲ့ ဖိလစ်မင်းသားကြီးတို့ကလည်း မြင်းရထားနဲ့ နောက်က လိုက်လာလို့ နန်းတော်ကို ပြန်ဝင်လာကြပါပြီ။

၁၁၂၆ နန်းတော်ကို ရောက်ကြပါပြီ။ ဝီလျံက ဇနီးသည်အသစ် သက်သက်ကလေးကို လက်ဆွဲလို့ မြင်းရထားပေါ်က ဆင်းပါတယ်။

၁၁၂၀ ရာသီဥတုကလဲ စောစောပိုင်းက ခန့်မှန်းထားခဲ့သလို မိုးမရွာနေမပူပဲ အုံ့အုံ့မှိုင်းမှိုင်းလေးဖြစ်နေတဲ့ အတွက် မင်္ဂလာမောင်မယ်ရဲ့ အပြန်လမ်းဟာ သာသာယာယာရှိနေပါတယ်။

၁၁၁၇ သာမန်အရပ်သူကလေး တယောက်ဖြစ်ခဲ့တဲ့ ကက်သရင်း မစ်ဒယ်လ်တန်ဟာ အခုအချိန်ကစလို့ တော်ဝင်မိသားစုဝင်တယောက်၊ အနာဂါတ် ဘုရင်ရဲ့ မိဖုရားတပါး အဖြစ် နန်းတော်ကို သွားနေပြီ ဖြစ်ပါတယ်။

၁၁၁၅ သတို့သမီးကိတ်ဟာ မျက်နှာကို ခြုံထားတဲ့ ဇာပဝါကိုလဲ မတင်ထားလိုက်ပါပြီ။ အပြုံးဝေနေတဲ့ မင်္ဂလာမောင်နှံ လမ်းဘေးဝဲယာက စောင့်ကြို နှုတ်ဆက်နေတဲ့ လူထုကြီးကို တောက်လျှောက်လက်ပြ နှုတ်ဆက်လာပါတယ်။ မင်းသားဝီလျံက စစ်ဝတ်စုံ အနီရောင်ကို လက်အိတ်အဖြူစွပ်ဝတ်ထားပေမဲ့ ကိတ်ကတော့ လက်အိတ်စွပ်ထားတာ မတွေ့ရပါဘူး။

၁၁၁၀ မင်္ဂလာမောင်မယ်ဟာ မြင်းဖြူလေးကောင်ကတဲ့ အမိုးဖွင့် မြင်းရထားနဲ့ ဘုရားကျောင်းက နေ ဘတ်ကင်ဟမ်နန်းတော်ကြီးဆီ ပြန်လာနေကြပါပြီ။ တော်ဝင်မြင်းတပ်မတော်ကလဲ ရှေ့ပြေး ချီတက်ပေးလာနေပါတယ်။

၁၁၀၅ သတို့သားရဲ့ ဖခင် ဝေလမင်းသား ချားလ်စ် နဲ့ ဇနီးသည် ကွန်းဝေါမြို့စား၊ နောက် သတို့သားရဲ့ ညီတော် မင်းသား ဟယ်ရီ၊ သတို့သမီးရဲ့ မိဖ နှစ်ပါးဖြစ်တဲ့ ကာရိုးလ် နဲ့ မိုက်ကယ် မစ်ဒယ်လ်တန်၊ ညီမ ပစ်ပါ နဲ့ မောင် ဂျိမ်းစ်တို့က သက်သေအဖြစ် လက်ထပ်မော်ကွန်းစာအုပ်ထဲမှာ လက်မှတ်ထိုးကြမှာလည်း ဖြစ်ပါတယ်။

၁၁၀၀ သတို့သား၊ သတိုသမီးနဲ့ သက်သေအဖြစ်လက်မှတ်ထိုးပေးကြမဲ့ ပုဂ္ဂိုလ်တွေ မင်္ဂလာမှတ်တမ်း ထိုးမဲ့ ဘုရားကျောင်းကြီးထဲက Shrine of Edward the Confessor ခန်းမ ဖက်ကို သွားနေကြပါပြီ။

၁၀၅၅ မြန်မာနိုင်ငံကနေ ဒီ မင်္ဂလာပွဲကို ကြည့်နေတဲ့ အဆိုတော် မင်းသမီး ဟေမာနေဝင်းကလဲ သတို့သမီး ဝတ်စုံဟာ ရိုးရိုးလေး ဖြစ်နေပေမဲ့ လှတယ်၊ သူ လဲ နှစ်သက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒီပွဲကို ကြည့်နေရင်းနဲ့ ကွယ်လွန်သူ ဒိုင်ယာနာကို သတိရနေတယ်လို့ လဲ ဟေမာနေဝင်းက ပြောသွားပါတယ်။

၁၀၄၅ သတို့သမီးရဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာတွေ အများကြီးထွက်လာနေပါတယ်။ အများစုကတော့ ဝတ်စုံဟာ ရိုးရိုးလေးနဲ့ အမြင်ဆန်းပြီး ကျက်သရေရှိတယ်၊ သတို့သမီးရဲ့ အရပ် ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ လိုက်ဖက်လှတယ်လို့ ပြောကြပါတယ်။

၁၀၄၀ အဖြူရောင် ဇာဝတ်စုံနဲ့ ကိတ်ဟာ အများက ကြိုမှန်းထားသလို ခေါင်းမှာ စိန်သရဖူလေးစွပ်လာပါတယ်။ ဒီ သရဖူလေးဟာ ဝီလျံမင်းသားရဲ့ အဘွား အဲလိဇဘက်ဘုရင်မကြီးရဲ့ မယ်တော် ပိုင်ခဲ့တဲ့ သရဖူလေးလို့လဲ ဆိုပါတယ်။ ကိတ်ရဲ့ ဝတ်ရုံဂါဝန်ရှည်ကြီးဟာ တခြားတော်ဝင် သတို့သမီးတွေရဲ့ ဝတ်စုံတွေနဲ့ စာရင် မရှည်လှဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကိတ် ရဲ့ ဂါဝန်ကလဲ အနဲဆုံး ၉ ပေ လောက်ရှည်ပါတယ်။ ဝီလျံရဲ့ မိခင် လေဒီဒိုင်ယာနာ မင်္ဂလာပွဲနေ့မှာ ဝတ်ခဲ့တဲ့ ဂါဝန်ကတော့ ၂၄ ပေလောက်ရှည်လျားခဲ့ပါတယ်။

၁၀၃၄ လန်ဒန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ရစ်ချတ် ချာတားက အမှာစကားပြောပေးနေပါတယ်။ သူက ကမ္ဘာလောကကြီးထဲမှာ အဆိုးတွေရှိနေတာကို လူတွေ မှာ စိုးရိမ်မှု ရှိနေပေမဲ့ ဒီနေ့မှာတော့ အားလုံးဟာ ပျှော်ရွှင်မှုကို မျှဝေခံစားနိုင်ကြမယ်လို့ မျှောလင့်တဲ့ အကြောင်းပြောသွားပါတယ်။

၁၀၃၀ သတို့သမီးဝတ်စုံကို ဒီဇိုင်နာ ဆာရာဘာတန်က ဖန်တီးပေးတာလို့ သိရပါတယ်။ သူဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ နာမည်ကြီး ဒီဇိုင်နာ အလက္ကဇန္ဒား မက်ကွင်း နဲ့ အတူ လုပ်ခဲ့သူဖြစ်ပါတယ်။ သူက သတို့သမီးဟာ ဝတ်စုံနဲ့ အလှကြီးလှနေတယ်လို့ ပြောပါတယ်။

၁၀၂၅ သတို့သမီးရဲ့ မောင် ဂျိမ်းစ် က ကျမ်းစာထဲက စာပိုဒ်ကို ရွတ်ဆိုပေးနေပါတယ်။

၁၀၂၀ ကင်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက မင်္ဂလာမောင်နှံရဲ့ လက် ၂ ဖက်ကို စုလျားရစ်ပတ် လက်ထပ်ပေးလိုက်ပါပြီ။ မင်းသားဝီလျံနဲ့ ကိတ်တို့ အကြင်လင်မယား ဖြစ်သွားကြပါပြီ။ မင်းသားဝီလျံကို ဘုရင်မကြီးက ကိန်းဘရစ်မြို့စားကြီး ဘွဲ့ထူးကို ပေးလိုက်တယ်လို့ နန်းတော်က ဒီနေ့ပဲ ကြေငြာလိုက်ပါတယ်။ ဒီတော့ ကိတ်လဲ ကိန်းဘရစ်မြို့စားကတော် ဖြစ်သွားပါပြီ။

၁၀၁၆ မင်္ဂလာမောင်နှံတို့ လက်ချင်းထပ်လို့ သစ္စာပြုနေကြပါပြီ။ အသက်ဆုံးတဲ့ အထိ မကွဲမကွာ နေသွားကြမဲ့ အကြောင်း ဘုန်းတော်ကြီး တိုင်ပေးတဲ့ အတိုင်း သစ္စာနှံခဲ့ကြပါပြီ။ သတို့သားက ကိတ်ရဲ့ လက်မှာ လက်ထပ် လက်စွပ်ကို ဝတ်ဆင်ပေးလိုက်ပါပြီ။

၁၀၁၅ မင်္ဂလာဆုတောင်း ကောင်းချီးပေးတဲ့ ဓမ္မတေးကို ပရိသတ်တွေ အားလုံး တညီတညာ သံပြိုင်သီဆိုနေကြတာပါ။

၁၀၁၀ မင်္ဂလာအခမ်းအနားကို အမေရိကန် နယူးယောက်က မန်ဟတ်တန် တံတားနားမှာလဲ တီဗီအကြီးကြီးထောင်လို့ တိုက်ရိုက်ပြသနေတာကို လူတွေ ထောင်ချီပြီး ကြည့်နေကြတာယ်လို့ ဘီဘီစီသတင်းထောက် က ပြောပါတယ်။

၁၀၁၀ သတို့သားနဲ့ သတို့သမီး ထိမ်းမြားပေးမဲ့ ဘုန်းတော်ကြီးရှေ့ရောက်ကြပါပြီ။

၁၀၀၆ သတို့သမီးကိုတော့ သူ့ဖခင် မိုက်ကယ်က လက်ဆွဲလို့ မင်္ဂလာလျှောက်လမ်းအတိုင်း ခေါ်လာနေပါတယ်။ သတို့သားနဲ့ သတို့သမီး ကိုယ်တိုင်ရွေးထားတဲ့ မင်္ဂလာအခါတော်ပေး ဂီတကိုလဲ သံစုံတီးဝိုင်းက တီးမှုတ်ပေးနေပါတယ်။

၁၀၀၅ ဘုန်းတော်ကြီးတွေ ဦးဆောင်လို့ သတို့သား မင်းသား လျှောက်လှမ်းလာနေပါပြီ။ လူပျိုရံ ဖြစ်တဲ့ ညီ မင်းသား ဟယ်ရီက နောက်နားက ကပ်လို့ပါ။

၁၀၀၃ မင်္ဂလာအခမ်းအနား စတင်ပါပြီ။

၁၀၀၀ သတို့သမီး ဘုရားကျောင်းကြီးကို ရောက်လာပါပြီ။ ၃ မီတာ (ကိုးပေ) နီးပါးရှည်တဲ့ ဝတ်ရုံ ဂါဝန်ကြီးကို အဖော်တယောက်က နောက်က မ ပေးလာပါတယ်။

၀၉၅၈ သတို့သမီးရဲ့ ရိုးလ်ရွိက်စ် ကားဖြတ်သွားတဲ့ လမ်းတလျှောက် လူတွေက အလံတွေ ဝှေ့ရမ်း ဟစ်အော် အားပေးနေကြပါတယ်။

၀၉၅၀ သတို့သမီး ကိတ် ဟိုတယ်ကနေ ကားထဲ ဝင်နေပါပြီ။ အဖြူရောင် ဝတ်စုံဝတ်ထားတာ တွေ့လိုက်ရပါတယ်။ ဖခင် မိုက်ကယ်က သမီးနဲ့ အတူ လိုက်ပါလာပါတယ်။ ဇာပဝါ မျက်နှာပေါ်ခြုံထားတဲ့ သတို့သမီးက လမ်းတလျှောက် နှုတ်ဆက်နေသူတွေကို လက်ပြ နှုတ်ဆက်သွားခဲ့ပါတယ်။ သတို့သမီးက အဖြူရောင်ပန်းစည်းလေး တခုလဲကိုင်လာခဲ့ပါတယ်။ ဇာလက်ရှည် အင်္ကျီအဖြူနဲ့ဖြစ်ပါတယ်။

၀၉၅၀ ဘုရင်မကြီး ဘုရားကျောင်းထဲကို ဝင်လာပါပြီ။ ချားလ်စ်မင်းသားက ကြိုဆိုနေတာပါ။

၀၉၄၅ ချားလ်စ်မင်းသားနဲ့ ဇနီးသည် ကွန်းဝေါမြို့စားတို့ ဘုရားကျောင်းကို ရောက်လာကြပါပြီ။

၀၉၄၁ ဘုရင်မကြီး နဲ့ ဖိလစ်မင်းသားကြီးတို့ ဘတ်ကင်ဟမ်နန်းတော် ကထွက်လာကြပါပြီ။ ဘုရင်မကြီးက အဝါရောင် ဝတ်စုံနဲ့ အဝါရောင်ဦးထုပ်ကို ဆင်မြန်းထားပါတယ်။ ဖိလစ်မင်းသားကြီးကတော့ မြေးတော် သတို့သား ဝီလျံလိုပဲ အနီရောင် ဝတ်စုံနဲ့ ဖြစ်ပါတယ်။

၀၉၃၇ မင်းသားဝီလျံရဲ့ ဖခင် ချားလ်စ်မင်းသားနဲ့ ဇနီးသည်တို့ ကလဲရင့်စ် စံအိမ်က ကားနဲ့ ဘုရားကျောင်းကို ထွက်လာနေကြပါပြီ။

၀၉၃၀ သတို့သမီးရဲ့ မိခင် ကာရိုးလ် ဘုရားကျောင်းကို ရောက်လာပါပြီ။ သတို့သမီးကတော့ ဖခင်ဖြစ်သူနဲ့ အတူ ၀၉၅၀ မှာ ဂိုးရင်းဟိုတယ်က ထွက်ခွာလာမှာ ဖြစ်ပါတယ်။

၀၉၂၅ သတို့သမီးရဲ့ မိခင်ကာရိုးလ်နဲ့ မောင် ဂျိမ်းစ်တို့ တည်းခိုရာ ဂိုးရင်းဟိုတယ်က ကားနဲ့ ထွက်လာကြပါပြီ။ သတို့သမီး ဘာဝတ်စုံဝတ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

၀၉၂၀ နိုင်ငံတကာက တော်ဝင်မိသားစုတွေ ဘုရားကျောင်းထဲကို ဝင်လာနေပါပြီ။ ထိုင်းဘုရင့်မိသားစုကို ကိုယ်စားပြုတဲ့ မင်းသမီး မဟာချက်ကရီသိရိဒုံ၊ ဘရူးနိုင်းစော်ဘွားနဲ့ ဇနီးတို့လဲ ရောက်လာတာတွေ့ရပါတယ်။

၀၉၁၈ သတို့သား ဝက်စမင်စတာ အဘီး ဘုရားကျောင်းကြီးကို ရောက်လာပါပြီ။ ဘုရားကျောင်း ခေါင်းလောင်းတွေကလဲ ဂုဏ်ပြုတဲ့ အနေနဲ့ ဆက်တိုက်တီးပေးနေပါတယ်။

၀၉၁၇ လမ်းဘေးဝဲယာက စောင့်ကြည့်နေသူတွေ အလံတွေ ဝှေ့ရမ်းပြီး ဟစ်အော် နှုတ်ဆက်ကြပါတယ်။

၀၉၁၅ သတို့သား မင်းသားဝီလျံနဲ့ လူပျိုရံ ညီ မင်းသား ဟယ်ရီတို့ ကလဲရင့်စံအိမ်က ကားနဲ့ ထွက်လာကြပါပြီ။ နှစ်ယောက်စလုံး တပ်မတော်အရာရှိ ဝတ်စုံတွေကို ဝတ်ထားကြပါတယ်။ ဝီလျံက အနီရောင်ဝတ်စုံနဲ့ ဟယ်ရီကတော့ အနက်ရောင် ဝတ်စုံဝတ်ပြီး စစ်တပ် အဆောင်အယောင် အပြည့်အစုံနဲ့ ဖြစ်ကြပါတယ်။

၀၉၀၅ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဇနီး ဆမန်သာတို့ ဘုရားကျောင်းထဲ ဝင်လာကြပါပြီ။ ဆမန်သာက အစိမ်းရောင်ဝတ်စုံဝတ်ထားပြီး ဦးထုပ်မဆောင်းပဲ တက်ရောက်လာတာဖြစ်ပါတယ်။

၀၈၄၉ မင်္ဂလာမောင်နှံ တက်ရောက်ခဲ့တဲ့ စိန့်အင်ဒရူးစ် တက္ကသိုလ်မှာလဲ လက်ရှိကျောင်းသားတွေက စုဝေးပြီး အထိမ်းအမှတ်ပွဲတွေ လုပ်ဖို့ ပြင်နေပါတယ်။

၀၈၄၆ ရောက်လာတဲ့ ဧည့်သည်တော်တွေထဲမှာ သတို့သားရဲ့ ဦးလေးတော် အားလ် စပင်ဆာကိုလဲတွေ့ရပါတယ်။ မစ္စတာ ဘီးန်လို့ အသိများတဲ့ ဟာသမင်းသားကြီး ရိုဝင်အက်ကင်ဆင်နဲ့ သြစတေလျက ရေကူးချံပီယံ အီယန် သော့ပ်တို့လဲ ရောက်လာကြတာတွေ့ရပါတယ်။

၀၈၄၅ ဧည့်သည်တော်တွေ မင်္ဂလာအခမ်းအနား ကျင်းပမဲ့ ဝက်စမင်စတာ ဘုရားကျောင်းထဲ ရောက်လာနေကြပြီ။ အဆိုတော်ကြီး အယ်လတန် ဂျွန်လဲ သူ့ အဖော်နဲ့ ရောက်လာတာတွေ့ရပါတယ်။