ပါလက်စတိုင်း နဲ့ အစ္စရေး ငြိမ်းချမ်းရေး

benjamin_netanyahu
Image caption အစ္စရေး ဝန်ကြီးချုပ် နာတန်ရာဟု

ပါလက်စတိုင်း က ပြိုင်ဘက် အုပ်စုကြီးနှစ်စုဖြစ်ကြတဲ့ ဟားမတ်စ်နဲ့ ဖာတာ တို့ ညီညွတ်မှုရသွားပြီဆိုတဲ့ သတင်းရုတ်တရက် ထွက်ပေါ်လာတာဟာ အားလုံးကို အံ့အားသင့်သွားစေပါတယ်။

ဟားမတ်စ်ဟာ လူထု ထောက်ခံမှုရခဲ့ပြီး မဲနိုင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ဖာတာဟာ အမေရိကန် အစ္စရေး နဲ့ ဥရောပ နိုင်ငံတွေရဲ့ထောက်ခံမှုရပြီး ဒေါ်လာသန်းပေါင်း များစွာ အကူအညီ ရနေသူဖြစ်ပါတယ်။ ဟားမတ်စ်ကိုတော့ အမေရိကန် နဲ့ အနောက်အုပ်စု နိုင်ငံတွေက အကြမ်းဖက် အုပ်စုလို့ သဘောထားပြီး ဆွေးနွေးညှိနှိုင်းမှု မလုပ်နိုင်ဘူးလို့ တောက်လျောက်ငြင်းဆန်ခဲ့ပါတယ်။

သူတို့ဟာ ၂၀၁၂ ခုနှစ်မှာ သမ္မတ ရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲကို အတူကျင်းပကြမယ်လို့ လည်းဆိုပါတယ်။ အဲသလို ကျင်းပနိုင်ဖို့ အခုညီညွတ်ရေးကို တည်ဆောက်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒါဟာ အစ္စရေးအတွက်တော့သတင်းကောင်းလို့ မဆိုနိုင်ပါဘူး။ နံပါတ်တစ် ရန်သူတော် ဟားမတ်စ်နဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ ပြိုင်ဘက် ဖာတာတို့ ညီညွတ်ရေးရသွားမှာကို အစ္စရေးကတော့ မလိုလားပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ရာဟုက ဖာတာအနေနဲ့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူမလား၊ ဟားမတ်စ်နဲ့ ငြိမ်းချမ်းရေးယူမလား တခုခုကို ရွေးရလိမ့်မယ် နှစ်ခုစလုံးတော့မရနိုင်ဘူးလို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဒီတော့ နောက်တပတ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဟားမတ်စ် ဖာတာ ခေါင်းဆောင်တွေ ပြန်လည်သွားရောက်ပြီး သဘောတူ လက်မှတ်ရေးထိုးကြမယ် ဆိုတာဟာ ဟားမတ်စ် ညှိနှိုင်းရေးမှူးတွေ ပြောသလို အမှန်တကယ်ပဲ ရာနှုန်းပြည့် ရှောရှောရှူရှူ ဖြစ်လာမလား။ ဟားမတ်စ်နဲ့ ဖာတာရဲ့ ညီညွတ်ရေးက ခိုင်မာသွားပြီဆိုရင် အစ္စရေးနဲ့ ဆွေးနွေးပွဲတွေက လုံးဝ ပျက်ပြားသွားပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန် လာတော့မှာလား ဆိုတာကတော့ မရေရာသေးတဲ့ အခြေအနေတွေ လို့ ဆိုရမှာ ဖြစ်ပါတယ်။