မြန်မာကို ဥက္ကဌ ရာထူး ပေးဖို့ အာဆီယံ ငြင်းပယ်သင့်

Image caption လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့

အင်ဒိုနီးရှား နိုင်ငံမှာ ပြုလုပ်မဲ့ အာဆီယံ ထိပ်သီး ညီလာခံကို တက်ဖို့ မြန်မာ အစိုးရသစ် သမ္မတ ဦးသိန်းစိန်နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မနေ့ကတုန်းက ဂျာကာတာမြို့ကို ရောက်လာပါတယ်။

မေလ ရရက်နဲ့ ဂရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်မှာ ဖြစ်ပြီး အခု ခရီးစဉ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက သမ္မတ အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် ဦးသိန်းစိန်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီး ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ်ကျရင် အာဆီယံ ဥက္ကဌ တာဝန်ယူဖို့ ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

၂ဝ၁၄ ခုနှစ်ကျရင် မြန်မာနိုင်ငံက အာဆီယံအဖွဲ့ ဥက္ကဌ အဖြစ် ထမ်းဆောင်ဖို့ မြန်မာအစိုးရရဲ့ တောင်းဆိုချက်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ပယ်ချ သင့်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် လွှတ်ပေးဖို့ အပါအဝင် လက်ရှိ အစိုးရဟာ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေမှာ မှန်ကန်တဲ့ တိုးတက်မှု ရှိလာတဲ့ အထိ စောင့်ကြည့်သင့်တယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

မနှစ်တုန်းက အတုအယောင်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အခုချိန်ထိ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲ ထားတဲ့ မြန်မာ အစိုးရကို အာဆီယံ ဥက္ကဌ ရာထူး ပေးလိုက်ရင် ဒေသတခုလုံးအတွက် ကသိကအောက် ဖြစ်စရာတွေ ကြုံတွေ့ရလိမ့်မယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွန်ကြားရေးမှူး Elaine Pearson အယ်လိန်း ပီရာဆင်က ပြောပါတယ်။