ဘင်လာဒင်ရဲ့ အဆက်အသွယ်ကို ဖော်ထုတ်ပေးဖို့ ပန်ကြား

ဓာတ်ပုံ မူပိုင် AP
Image caption စီဘီအက်စ်နဲ့ အိုဘားမား အင်တာဗျူး

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက အမေရိကန် ကွန်မန်ဒို တပ်သားတွေ အသေ ဖမ်းဆီးခဲ့တဲ့ အိုစမာ ဘင်လာဒင်ရဲ့ လျှို့ဝှက် နေထိုင်ရာ ခြံဝိုင်းထဲမှာ ကာလရှည်ကြာ ပုန်းနေနိုင်အောင် အထောက်အပံ့ ပေးနေတဲ့ အဆက်အသွယ်ကို ပါကစ္စတန် အစိုးရက စုံစမ်း ဖော်ထုတ်ပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက ပန်ကြား လိုက်ပါတယ်။

စီဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပါကစ္စတန် အစိုးရထဲက လူတွေက အယ်ကိုင်းဒါး ခေါင်းဆောင်ကို အကူအညီပေးခဲ့တဲ့ အထောက်အထား သူ့မှာ မရှိပါဘူးလို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

ကျွန်တော်တို့ ထင်တာကတော့ ဘင်လာဒင်ကို တနည်းတဖုံနဲ့ အထောက်အပံ့ ပေးနေတဲ့ အဖွဲ့ ပါကစ္စတန် နိုင်ငံထဲမှာ ရှိနေပြီး ဒါဟာ ဘယ်သူလဲ ၊ ဘယ်လို ပေးနေ တာလဲ ဆိုတာကို ကျွန်တော်တို့ မသိပေမယ့် အစိုးရ ထဲက ဘဲလား ဒါမှမဟုတ် အစိုးရ အဖွဲ့ အပြင်ဘက် ကလား ဆိုတာတော့ ကျွန်တော်တို့ စုံစမ်း ဖော်ထုတ် ရမှာ ဖြစ်သလို ပါကစ္စတန် အစိုးရ အတွက်တော့ ပိုပြီး အရေးတကြီး ဖော်ထုတ်ရမှာ ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမား ပြောပါတယ်။

အခုအခါ ပါကစ္စတန် အာဏာပိုင်တွေ လက်ထဲမှာ ထိန်းသိမ်းထားတဲ့ ဘင်လာဒင်ရဲ့ ဇနီးသည် သုံးယောက်နဲ့ အမေရိကန် အရာရှိတွေ တွေ့ခွင့် ရဖို့ကိုလည်း ခွင့်တောင်း ထားကြောင်း သိရပါတယ်။

တခါ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အယ်ကိုင်းဒါး ခေါင်းဆောင် Osama Bin Laden ကို အသေ ဖမ်းစီးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ အားလုံး ထုတ်ပြန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို ကုလသမဂ္ဂ ထိပ်တန်း အရာရှိ တယောက်က တောင်းဆို လိုက်ပါတယ်။

ဘင်လာဒင်ကို အရှင် ဖမ်းတာထက် အသေ ဖမ်းရလောက်အောင် လိုအပ်လို့လား ဆိုတဲ့ စဉ်းစား တွေးတော မရေရာမှုတွေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Christof Heyns က ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်က ပြည်တွင်း လုံခြုံရေး ကော်မတီ ဥက္ကဌ အထက်လွှတ်တော်အမတ် Peter King ကတော့ ဘင်လာဒင်ကို အသေဖမ်းဆီးမှု စစ်ဆင်ရေးဟာ တရားဥပဒေနဲ့ လုံးဝ ကိုက်ညီ ပါတယ်လို့ ဆိုနေပါတယ်။