လစ်ဗျားမှာ အပစ်အခတ် ရပ်စဲကြဖို့ ကုလ အကြီးအကဲ ပန်ကြား

ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လူမှု ကူညီ ကယ်ဆယ်ရေး အရာရှိ Valerie Amos

လစ်ဗျားနိုင်ငံမှာ လူတွေ ဘေးဒုက္ခ ရောက်နေတာကို သက်သာရာ ရစေဖို့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခေတ္တ ရပ်တန့် ပေးပါလို့ ကုလသမဂ္ဂ လူမှု ကူညီ ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ Valerie Amosက ပန်ကြားလိုက်ပါတယ်။

Misrata မြို့မှာ အခြေအနေတွေက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆိုးရွား နေတယ်လို့ ဆိုပါတယ်။

နိုင်ငံ အနောက်ပိုင်းမှာ သူပုန်တွေ ခြေကုပ်ယူရာ တခုတည်းသော မြို့ဖြစ်တဲ့ မစ်စရာတာမှာ ရိက္ခာနဲ့ ရေ ပြတ်တောက်နေပြီး ပဋိပက္ခ ဖြစ်မှု အပါအဝင် ပိတ်ဆို့ အရေးယူမှု တွေကြောင့် တိုင်းပြည် အခြေအနေက လည်ပတ်မှုတွေ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ အဖွဲ့အစည်းတွေ အားလုံး နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာကြအောင် ဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂ လူမှု ကူညီ ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ကလပ်စတာ ဗုံးတွေ ၊ ရေမြှုပ် မြေမြှုပ်မိုင်း အသုံးပြုမှု အပါအဝင် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေကလည်း အရပ်သားတွေကို သနား ကြင်နာကင်းပြီး အလေးမမူရာ ရောက်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption vvvvvvvvvvvvvvvv

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လစ်ဗျား ကမ်းရိုးတမ်းမှာ ရွေ့ပြောင်း အလုပ်သမား ၆ဝဝကို တင်ဆောင်လာတဲ့ သင်္ဘောတစင်း နစ်မြုပ်သွားကာ သင်္ဘောပေါ်ပါ လူအများစု သေဆုံး သွားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

သင်္ဘောပျက်နားမှာ အလောင်း ၁၆လောင်းလောက်ကို တွေ့ခဲ့တယ်လို့ အခင်း ဖြစ်ပွားပြီး မကြာခင် အဲဒီနားကို ရောက်သွားခဲ့တဲ့ ထရစ်ပိုလီမြို့က ဆိုမာလီ သံတမန် တယောက်က ပြောပါတယ်။

အလောင်း ၅ဝလောက် ထပ်ရနိုင်သေးတယ်လို့ ယူဆရကြောင်း သူက ဆိုပြီး ဆိုမာလီ ရွေ့ပြောင်းအလုပ်သမား ၂ဝဝ ကတော့ အသက်မသေဘဲ လွတ်မြောက် ခဲ့တယ်လို့ သိရပါတယ်။

တခြား ဖြစ်ရပ်တခုမှာလည်း လစ်ဗျားက ထွက်ပြေးလာတဲ့ အာဖရိက တိုက်က ရွေ့ပြောင်း အလုပ်သမားတွေပါတဲ့ လှေနစ်မြုပ်တာကို နေတိုးတပ်ဖွဲ့တွေက အကူအညီ မပေးခဲ့ဘူးလို့ ပြောဆိုနေတဲ့ သတင်းတွေကိုတော့ နေတိုးအဖွဲ့က ငြင်းပယ်လိုက်ပါတယ်။

လှေနစ်မြုပ်မှုကြောင့် လူ ၆ဝ ကျော် သေဆုံးသွား ပါတယ်။