ကုလအကြံပေးနဲ့တွေ့ဆုံမှု အရင်တခေါက်ထက် တိုးတက်လို့ ဒေါ်စုပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အရင်တခေါက်ထက် တိုးတက်မှုရှိလို့ ဒေါ်စုပြော

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီယားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ဒီကနေ့ညနေပိုင်းက ၁နာရီကြာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့လဲ အတူရှိနေတယ်လို့ ဆိုပါတယ်။

ဒီတခေါက် တွေ့ဆုံမှုဟာ အရင်တခေါက်နဲ့ စာရင် ပွင့်လင်းပြီး အမြင်ပိုနီး စပ်လာတယ်လို့ တွေ့ဆုံမှုအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ပါတီဒုတိယဥက္ကဌ ဦးတင်ဦးအပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ နဲ့လည်း မစ္စတာ နမ်ဘီယား သီးခြား တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာတော့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာ ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ လူမှုရေး နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် NLD ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ NLD ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းနေပုံတွေကို NLD ဖက်ကဆွေးနွေးခဲ့ပါတယ်။

နောက်တခါ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂက အထူးအာရုံစိုက် ဆောင်ရွက်နိုင်အောင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးသံကိုယ်စားလှယ်တဦး အမြဲတန်းခန့်ထားဖို့ အစီအစဉ်ရှိပါသလားလို့ NLD က မေးခဲ့ရာမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က စဉ်းစားနေပါတယ်လို့ မစ္စတာနမ်ဘီးယားက ပြန်ဖြေခဲ့ကြောင်း NLD ပြောခွင့်ရ ဦးအုံးကြိုင်က ပြောပါတယ်။

မနေ့ကဆိုက်ရောက်ခဲ့တဲ့ နမ်ဘီယားက မြန်မာစိုးရအဖွဲ့နိုင်ငံခြားရေးဝန်ကြီး အပါအဝင်အစိုးရအဖွဲ့ဝင်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။