ဆန္ဒပြသူတွေကို အစ္စရေး စစ်တပ်ပစ်

israel ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေးနဲ့ ဆီးရီးယား နယ်စပ် တနေရာ

အစ္စရေး နိုင်ငံ တည်ထောင်တာ ၆၃ နှစ် ပြည့်တဲ့ နေ့မှာ ပါလက်စတိုင်း လူမျိုး ထောင်ပေါင်း များစွာနဲ့ သူတို့ကို အားပေး ထောက်ခံသူ တွေဟာ အစ္စရေး နယ်စပ် ဒေသ အနားကို ချီတက် ကြပြီး ဆန္ဒပြ ခဲ့ကြ ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက လက်ဘနွန်နဲ့ ဆီးရီးယား နယ်စပ် မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ လက်ဘနွန် စစ်တပ်က ပြောပါတယ်။

ဒီလို ပစ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၁၂ ဦးသေဆုံး ခဲ့ရပြီး လူ ၁၂၀ ကျော်လောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယား နယ်စပ် မှာတော့ ဆန္ဒပြသူတွေက ခြံစည်းရိုးကို ကျော်ပြီး သိမ်းပိုက်ခံထား ရတဲ့ ဂိုလန် ကုန်းမြင့် ထဲကို ဖြတ်ကျော် ဖို့ ကြိုးစားခဲ့ကြ ရာမှာ လူ ၂ ဦး သေဆုံးခဲ့ရပြီး လူ ၂၀ လောက်လဲ ဒဏ်ရာရသွားခဲ့ ပါတယ်။

ဂျော်ဒန် တပ်ဖွဲ့တွေကလဲ အစ္စရေးနဲ့ နယ်စပ် အနားက အဲလ်ကာရာမာ ရွာမှာ ဆန္ဒပြသူ ရာပေါင်းများစွာကို မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲခဲ့ ကြပြီး အချို့ကိုလဲ ဖမ်းဆီး ထိန်းသိမ်းခဲ့ ကြပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရို မြို့မှာလဲ အစ္စရေးသံရုံး အနားက ဆန္ဒပြသူ တွေကို အီဂျစ် လုံခြုံရေး တွေက မျက်ရည်ယို ဗုံးတွေ သုံး ပြီး ဖြိုခွဲ ခဲ့ကြပါတယ်။

အခု ဖြစ်ခဲ့ရတဲ့ သွေးထွက် သံယို မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဆီးရီးယားတို့ တနိုင်ငံနဲ့ တနိုင်ငံ နောက်ကွယ်ကနေ ကြိုးကိုင် ခဲ့တယ်ဆိုပြီး အပြန်အလှန် အပြစ် ပုံချနေကြ ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန် ယာဟုက ရုပ်မြင် သံကြား ကနေပြီး မိန့်ခွန်း ပြောကြား ခဲ့ရာ မှာတော့ အစ္စရေး အနေနဲ့ မိမိရဲ့ နိုင်ငံ နယ်နမိတ်ကို ကာကွယ် သွားမှာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။ ဆက်လက်ပြီး သူက လူ ထောင်ပေါင်း များစွာဟာ အစ္စရေးနဲ့ ဆီးရီးယား နယ်စပ်ဒေသ က မဂျ်ဒဲလ် ရှမ်းစ် မှာ စုရုံး ခဲ့ကြပြီး နယ်စပ် ခြံစည်းရိုးကို ဖြတ်ကျော်လို့ အစ္စရေး နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြကြောင်း ၊ ဂါဇာ နဲ့ လက်ဘနွန် နယ်စပ်မှာလဲ အလားတူ ဖြတ်ကျော်မှုတွေ ဖြစ်ခဲ့ကြောင်း နဲ့ အဲဒါကြောင့် သူ့အနေနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို အစ္စရေး နယ်နမိတ်ကို ကာကွယ်ဖို့ ညွန်ကြား ခဲ့ကြောင်း နဲ့ အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ တွေကို ပါညွန်ကြား ထားခဲ့ ကြောင်း တွေကို ပြောကြား သွား ပါတယ်။

ဂါဇာနဲ့ အနောက်ဘက်ကမ်း ဒေသတွေ ဘက်မှာလဲ အစ္စရေး တပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း ဆန္ဒပြကြသူတွေ အကြား မှာ ထိတွေ့ မှုတွေ ရှိခဲ့ကြပါတယ်။

ဂါဇာ မှာ တင့်ကား နဲ့ စက် သေနတ် တွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူ ၁၅ ဦးထက် မနည်း ဒဏ်ရာရ ခဲ့ကြပါတယ်။ အနောက်ဘက် ကမ်းက ရာမာလာ မြို့မှာ လဲ နာရီနဲ့ ချီပြီး ထိတ်တိုက် တွေ့ခဲ့ကြ ပါတယ်။ အစ္စရေး တပ်ဖွဲ့တွေက သူတို့ကို ခဲတွေနဲ့ ပေါက်ခဲ့ကြတဲ့ ပါလက်စတိုင်း လူမျိုးတွေ ဆီကို မျည်ရည်ယို ဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ ကြပါတယ်။

ဒီလို ဆန္ဒပြကြတာမျိုးက နှစ်စဉ် လုပ်နေကြတာ မျိုးဖြစ်ပေမယ့်လို့ ဒီနှစ်မှာ အရှေ့ အလယ်ပိုင်း ဒေသ အတွင်းမှာ ဖြစ်နေတဲ့ ဆူပူ အုံကြွမှုတွေ ကြောင့် ပါလက်စတိုင်း လူမျိုးတွေ ဟာလဲ ဒီနှစ်မှာ ခါတိုင်းထက် ပိုပြီး တက်ကြွပြီး သတ္တိတွေ ရှိ နေခဲ့ကြတာ ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က သုံးသတ်ထား ပါတယ်။