အစ္စရေးတပ်နဲ့ ပါလက်စတိုင်းဆန္ဒပြသူတွေ ထိပ်တိုက်တွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးတပ်ဖွဲ့ လက်ချက်နဲ့ ပါလက်စတိုင်းတွေ ဒဏ်ရာရ

ဂါဇာကမ်းမြှောင်ဒေသ နဲ့ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း ဒေသတွေမှာ ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ထူထောင်ခဲ့နေ့ကို ကန့်ကွက်ဆန္ဒပြသူ ပါလက်စတိုင်းလူမျိုးတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက စက်သေနတ်တွေ၊ တင့်ကားပေါ်ကနေ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ လို့ ဂါဇာမှာ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိ သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ရာမာလာ မြို့မှာတော့ ခဲတွေနဲ့ ပြန်ပစ်ပေါက်နေတဲ့ ပါလက်စတိုင်းတွေကို ရာနဲ့ချီတဲ့ အစ္စရေး အဓိကရုဏ်း နှိမ်နှင်းရေးရဲနဲ့ စစ်တပ်ဖွဲ့ဝင် တွေက မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံက ပါလက်စတိုင်း ဒုက္ခသည်တွေဟာ နယ်စပ်ကို ချိုးဖေါက် ဝင်ရောက်ခဲ့လို့ ဂိုလန်ကုန်မြင့်ဒေသမှာ လုံခြုံရေးတွေက ကျည်ဆံအစစ်တွေ သုံးပြီး ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

လက်ဘနွန်နဲ့ ကပ်နေတဲ့ အစ္စရေးနယ်စပ်မှာလည်း အလားတူ ဖြစ်ရပ်ကြောင့် ပါလက်စတိုင်း ဆယ်ဦးထက်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။