IMF အကြီးအကဲ အာမခံ ငြင်းပယ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption New York တရားရုံးမှာ Mr Strauss-Kahn အစစ်ဆေး ခံနေစဉ်

IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့အကြီးအကဲ Dominique Strauss-Kahn ဟာ ဟိုတယ် ဝန်ထမ်း အမျိုးသမီး တဦးကို မတရား ပြုကျင့်ဖို့ ကြံစည်ခဲ့မှု အပါအဝင် စွဲချက်တွေနဲ့ New York မြို့ တရားရုံးတခုမှာ အာမခံ ငြင်းပယ် ခံခဲ့ရတဲ့အတွက် အကျဉ်းထောင် ထဲမှာ တတိယမြောက်ည အဖြစ် ထပ် နေရတော့မှာ ဖြစ်ပါတယ်။

ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တဲ့ ကြားနာ စစ်ဆေးမှုအတွင်း တရားသူကြီးက Mr Strauss-Kahn ဟာ အမေရိကန်နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်သွားနိုင်တဲ့အတွက် ဆက် ထိန်းသိမ်း ထားသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကြားနာမှု အပြီးမှာ သူ့ရှေ့နေ Benjamin Brafman က ဥပဒေအရ ကြားနာ စစ်ဆေးခံ နေရမှုကနေ ထွက်ပြေး တိမ်းရှောင်သွားဖို့ သူ့အမှုသည် အနေနဲ့ ရည်ရွယ်ထားတယ်လို့ သူမယူဆကြောင်း၊ စွပ်စွဲချက်တွေ ပယ်ပျက်သွားအောင်နဲ့ ဂုဏ်သိက္ခာ ပြန် အဖတ်ဆယ် နိုင်အောင် လုပ်ဖို့ကိုပဲ ရည်ရွယ်ထားတာကြောင့် တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်သွားခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

သူဟာ အခုအခါ စွဲချက် ၇ချက်နဲ့ ရင်ဆိုင်နေရပြီး အပြင်းထန်ဆုံး စွဲချက်အရဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၂၅နှစ် အထိ ကျခံနိုင်ရဘွယ် ရှိပါတယ်။

သူကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Mr Strauss-Kahn ဟာ လာမဲ့နှစ်မှာ ကျင်းပမဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ ထိပ်က ပြေးနေသူတဦးအဖြစ် သတ်မှတ်ခံ ထားရသူ ဖြစ်ပါတယ်။

သူ့အမှုကို လာမဲ့ သောကြာနေ့မှာ ထပ်မံ စစ်ဆေးဖို့ ရှိပါတယ်။

Mr Strauss-Kahn ကို IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကြီးရဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းရှိသူ ခေါင်းဆောင်တဦးအဖြစ် အများက မြင်ကြပေမဲ့ အခုလို New York မြို့မှာ အထိန်းသိမ်းခံလိုက်ရတဲ့ အတွက် Brussels မြို့မှာ ကျင်းပနေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို သူ တက်ရောက်နိုင်စွမ်း မရှိတော့ပါဘူး။

အဲဒီ အစည်းအဝေးမှာ ပေါ်တူဂီ နိုင်ငံအတွက် ဒေါ်လာဘီလျံ တရာ့တဆယ်ဖိုး ငွေကြေး အကူအညီပေးရေး စီမံကိန်းတခုကို တရားဝင် သဘောတူခဲ့ကြပါတယ်။

Mr Strauss-Kahn ဟာ ဥရောပ ဒေသမှာ ငွေကြေး တည်ငြိမ်မှုရှိရေး ကြိုးပမ်းမှုတွေမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပြီး သူမရှိတဲ့အတွက် ဥရောပဇုံအတွင်း ငွေကြေး ကယ်ဆယ်အကူအညီပေးရေးမှာ အရေးပါတဲ့ နိုင်ငံရေးအင်အားတခု လျော့သွားမှာ ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။