အမေရိကန် အဆိုကို အစ္စရေးလက်မခံ

Netanyahu and Obama ဓာတ်ပုံ မူပိုင် AP
Image caption အမြင်မတူတာတွေ ရှိနေ

အမေရိကန်သမ္မတ အိုဘားမားနဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ ဆွေးနွေးအပြီးမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ညာမင် နက်တာညာဟူး က သမ္မတ အိုဘားမား အဆိုပြုထားတဲ့ အတိုင်း ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးကို ၁၉၆၇ ခုနှစ် စစ်ပွဲမတိုင်ခင်က ရှိခဲ့တဲ့ နယ်နိမိတ်တွေကို အခြေခံပြီး လုပ်သွားဖို့ ဆိုတဲ့ အချက်ကို လက်မခံနိုင်တဲ့ အကြောင်းပြောခဲ့ပါတယ်။

သမ္မတအိုဘားမားက ဒီ အဆိုပြုချက်ကို ကြာသပတေးနေ့က သူ့အစိုးရရဲ့ အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ မူဝါဒကို ကြေငြာရင်း ပြောသွားတာပါ။ မိတ်ဆွေတွေ အချင်းချင်း သဘောမတူနိုင်တာတွေကိုလည်း ဆက်ဆွေးနွေး သွားရမှာပဲလို့ သူကပြောပါတယ်။

အမေရိကန်ရဲ့ အန္တိမ ရည်မှန်းချက်ကတော့ လုံခြုံမှုရှိတဲ့ အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်းထိကပ်ပြီး အတူယှဉ်တွဲနေနိုင်သွားဖို့ပါ။ ဒါပေမဲ့ ဘယ်လိုလုပ်သွားရမလဲဆိုတာနဲ့ ပတ်သက်ပြီး သဘောကွဲတာတွေတော့ ရှိပါတယ်လို့ ဆိုပါတယ်။

ဘင်ညာမင် နက်တာညာဟူးကတော့ ၁၉၆၇ ခုနှစ်မတိုင်ခင် နယ်မြေတွေအတိုင်း ပြန်သွားဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး အတွက် အစ္စရေးဖက်က လိုက်လျော နိုင်သမျှ လိုက်လျောမယ်၊ ဒါပေမဲ့ နယ်မြေကိစ္စကတော့ အထိမခံနိုင်ဘူး၊ ၁၉၆၇ ခု မတိုင်ခင် အတိုင်းဆို နိုင်ငံကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူက နှစ်ပေါင်းလေးဆယ်အတွင်း နယ်မြေအနေအထားနဲ့ လူနေထိုင်မှု ပုံစံတွေ အများကြီး ပြောင်းလဲ သွားခဲ့ပြီဆိုတာကိုလဲ ထည့်တွက်ဖို့ လိုတယ်လို့ လည်း ပြောသွားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အစ္စရေးက အရင် ပါလက်စတိုင်းနယ်မြေတွေမှာ ဂျူးအိမ်ယာတွေ ဆောက်ထား

၁၉၆၇ ခုနှစ် အာရပ် အစ္စရေး စစ်ပွဲ ပြီးတဲ့ နောက်မှာ အစ္စရေးတို့က အာရပ် နယ်ပယ် အများ အပြားသိမ်းပိုက် ထားခဲ့တဲ့ အတွက် အခုအမေရိကန်ရဲ့ ပြောဆိုချက်ကို အစ္စရေးဘက်က လက်မခံနိုင်တာ ဖြစ်ပုံ ရပါတယ်။

ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကလည်း ဒီတကြိမ်မှာ အစ္စရေး ပါလက် စတိုင်း ဆွေးနွေးပွဲကနေ လက်ဆုပ် လက်ကိုင် ပြသနိုင်တဲ့ အဖြေမျိုးထွက် ပေါ်လာဖို့ကို အလွန် လိုလားနေပုံ ရပါတယ်။

ဒါ့ကြောင့်လည်း အမေရိကန်ဟာ အစ္စရေး ဘက်တော်သားလို့ အာရပ် ကမ္ဘာ တခုလုံးက တောက်လျောက် သတ်မှတ်ထားတဲ့ အမြင်ကနေ ခွာထွက်ပြီး အာရပ် အစ္စရေး အကြားမှာ အမှန်တကယ် ကြားဝင် ဆွေးနွေး ပေးနိုင်သူ ဖြစ်လာဖို့ အခုလို ပြောဆိုလာတာ ဖြစ်နိုင်တယ်လို့ ဘီဘီစီ မြောက် အမေရိက အယ်ဒီတာ မတ်မာဒဲလ်က မှတ်ချက် ပေးပါတယ်။

ပါလက်စတိုင်း အစ္စရေး ဆွေးနွေးပွဲဟာ ၁၉၆၇ နယ်နမိတ်ကို အခြေခံပြီး ဆွေးနွေးဖို့ အမေရိကန် ပြည်ထောင်စုက အရင်က တခါမှ မပြောဖူးပါဘူး။

ဒါ့ပေမယ့် သမ္မတ အိုဘားမား ပြောခဲ့တာက ၁၉၆၇ ခုနှစ် နယ်နမိတ်အတိုင်း လက်ခံရမယ်လို့ ပြောတာမဟုတ်ဘဲ ၁၉၆၇ နယ်နမိတ်ကနေ စပြီးဆွေးနွေးဖို့ ပြောခဲ့တာပါ။

အမေရိကန်ဟာ သူတို့ကိုယ် သူတို့ အစ္စရေးနဲ့ နည်းနည်း ခွာပြီး ရပ်ပြလိုက်တာလို့လည်း မြောက်အမေရိကအယ်ဒီတာ မတ်မာဒဲလ် ကပြောပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေး အခြေအနေကလည်း အပြောင်းအလဲတွေ ဖြစ်လာ နေတဲ့ အတွက် အမေရိကန်ဘက်က အခုလို ပြောဆိုလာတာလို့ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက် ဂျိုနသန် မားကပ်စ် က သုံးသပ်ပါတယ်။

အစ္စရေးရဲ့ လက်ရှိ နယ်နမိတ် ပိုင်ဆိုင်မှုကို ထောက်ခံတဲ့ အီဂျစ် သမ္မတ ဟော်စနီ မူဘာရက် မကြာခင်က ရာထူးက နှုတ်ထွက် သွားရသလို ပါလက်စတိုင်းမှာ မညီညွတ် ဖြစ်နေခဲ့တဲ့ ဖာတာနဲ့ ဟားမတ်စ် တို့ကလည်း ပူးပေါင်း မိသွားပါပြီ။

ဒါ့အပြင် မကြာခင်က ဆီးရီးယားနယ်စပ်မှာ ပါလက်စတိုင်းတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဒီအခြေအနေတွေဟာ အစ္စရေး အတွက် မျက်နှာသာ မပေးတဲ့ အခြေအနေတွေဖြစ်ပါတယ်။