SSA တောင်​နဲ့ မြောက် ပေါင်း​စည်း

ပြီးခဲ့တဲ့ အစိုးရ လက်ထက် ကတည်းက ပြည်သူ့စစ် အသွင် ပြောင်းခိုင်း ခဲ့တာကို နိုင်ငံရေး ယုံကြည်ချက်အရ မပြောင်းခဲ့တဲ့ SSA မြောက်ပိုင်းကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် ကနေစပြီး ဒီကနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် SSA တောင်နဲ့ မြောက်တို့ဟာ ဘုံရန်သူကို တိုက်ပွဲဝင်ရမှာဖြစ်လို့ ဆွေးနွေးပြီး ပူးပေါင်း ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SHAN
Image caption SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များ

SSA မြောက်က နိုင်ငံရေးနည်းနဲ့ ပြဿနာ ရှင်းမယ် ဆိုပြီး အပစ် ရပ်ခဲ့တယ်၊ သူတို့က ဆက်တိုက်တယ်၊ အစိုးရက သွေးထိုးပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခွဲတယ်၊ အခုတော့ ဘုံရန်သူ တူပြီဆိုပြီး ပြန်ပေါင်းတာလို့ SSA တောင်ပိုင်းရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဘီဘီစီကို ပြောပါတယ်။

အမိန့်တခုတည်း မူဝါဒ တခုတည်းအောက်မှာ ပူးပေါင်း သွားမှာဖြစ်ပြီး၊ ဘယ်နာမည်ကို ယူလို့ ဆက်လက် ရပ်တည်မယ် ဆိုတာကိုတော့ ဆွေးနွေးနေဆဲ လို့လည်း သူက ဆိုပါတယ်။

SSA မြောက်ပိုင်းမှာ အရင်က တပ်မဟာ ၁၊ ၃၊ ၇ ဆိုပြီး တပ်မ သုံးခုရှိပြီး၊ ၁၉၈၉ ခုနှစ်မှာ အပစ်အခတ် ရပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မှာတော့ အစိုးရ အလိုရှိတဲ့ အတိုင်း နယ်ခြားစောင့် တပ်အဖြစ်ကို တပ်မ ၃ နဲ့ ၇ က ပြောင်းလဲခဲ့ပြီး အင်အားကြီးတဲ့ တပ်မ ၁ ကတော့ အစိုးရတပ်နဲ့ ဆက်လက် တိုက်ခဲ့ပါတယ်။

SSA တောင်ပိုင်းကတော့ ၁၉၉၆ ခုနှစ်မှာ ဘိန်းဘုရင် ခွန်ဆာရဲ့ MTA တွေ အစိုးရဆီ လက်နက် ချချိန်မှာ လက်နက်မချဘဲ လက်နက်ကိုင်ပြီး ဆက်လက် တော်လှန် နေတာ ဖြစ်ပါတယ်။