ယီမင်မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်

saleh ဓာတ်ပုံ မူပိုင် AFP
Image caption ရာထူးက ဆင်းပေးဖို့ သမ္မတ Saleh လက်မခံ

ယီမင်နိုင်ငံ ဆာနားမြို့တော်မှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ နိုင်ငံရဲ့ အကြီးဆုံး တိုင်းရင်း လူမျိုးစု အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အဲဒီ တိုင်းရင်းလူမျိုးစုဟာ သမ္မတ အာလီ အဘူလာ ဆာလေကို ဆန့်ကျင်တဲ့ အုံကြွမှု တွေမှာ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။

မနေ့က တနေ့လုံး လမ်းမတွေပေါ်မှာ အမြောက်သံတွေ သေနတ်သံတွေ ကြားခဲ့ရပြီး အနည်းဆုံး လူ၃၈ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ လူမျိုးစု ခေါင်းဆောင် Sheikh Sadiq al Ahmar ရဲ့ အိမ် အနီးတဝိုက်မှာ စတင် ဖြစ်ပွားခဲ့တာပါ။

သူ့ နောက်လိုက်တွေက အခုအခါ အစိုးရ ဝန်ကြီးရုံး အတော်များများကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပြီး သေနတ်သမားတွေက အဆောက်အဦ အမိုးတွေပေါ်မှာ စခန်းချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆာနား မြို့တော်ဟာ စစ်ဖြစ်နေတဲ့ ဇုံတခုလိုပဲလို့ ဒေသခံ သတင်းထောက်တဦးက ဖေါ်ညွှန်း ပြောဆိုခဲ့ပါတယ်။

ရာထူးက ဆင်းပေးဖို့ သဘောတူချက်ကို သမ္မတ ဆာလေ လက်မှတ်ထိုးဖို့ တနင်္ဂနွေနေ့က ငြင်းဆန်ခဲ့အပြီးမှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။