ရတ်ကို မလာဒစ်ချ် ကို ရုံးထုတ်

Mladic at court ဓာတ်ပုံ မူပိုင် AP
Image caption တရားရုံးကို ရောက်လာတဲ့ မလာဒစ်ချ်

ဥရောပရဲ့ အလိုအရှိဆုံး စစ်ရာဇဝတ်မှု ဝရမ်းပြေး ဘော့စနီးယား ဆာ့ဘ် ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ချ် ကြာသပတေးနေ့က ဖမ်းမိလိုက်ပြီးတဲ့ နောက် သူ့ကို ဘဲလ်ဂရိတ်မြို့က အထူးတရားရုံးတခုမှာ ရုံးထုတ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က ဘော့စနီးယားနိုင်ငံ ဆရဲဘရင်နီစာမြို့မှာ ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ရဲ့ တပ်တွေက မူဆလင် ယောင်္ကျားနဲ့ ကလေး ၈၀၀၀ ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုဖို့ ရှိပါတယ်။

အခု အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ မလာဒစ်ချ်ဟာ အားနဲ နေပုံပေါ်ပြီး တရားရုံးထဲကို ဖြေးဖြေးလေး လမ်းလျှောက်ဝင်လာပါတယ်။ သူ့ကို သဟိဂ်မြို့မှာ ရှိတဲ့ နိုင်ငံတကာ ရာဇ၀တ် ခုံရုံးကို လွှဲပေးမလား ဆိုတာကို ဆားဘီးယားတရားရုံးက ဆုံးဖြတ်မှာပါ။

ကျန်းမာရေး မကောင်း

မစ္စတာ မလာဒစ်ချ်ရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ လူရော စိတ်ပါ ကျန်းမာရေး မကောင်းဘူးလို့ တင်ပြထားပါတယ်။ တရားရုံးဟာ ခဏပဲ ကြားနာပြီး သောကြာနေ့မှာ ဆရာဝန်တွေက မလာဒစ်ချ် အမှုကို ရင်ဆိုင်နိုင်သလားဆိုတာ စစ်ဆေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

၁၆ နှစ်ကြာ ရှောင်တိမ်းနေတဲ့ ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ကို ကြာသပတေးနေ့ မနက်စောစောက နိုင်ငံ မြောက်ပိုင်းက ရွာတရွာမှာ ဖမ်းမိခဲ့တာပါ။ သူဟာ မှတ်ပုံတင် စာရွက် စာတမ်းအတုတွေ ကိုင်ထားပြီး ဆွေမျိုးတယောက်ရဲ့ အိမ်မှာ နေနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆားဘီးယား သမ္မတ ဘောရစ် တားဒစ်ကတော့ မလာဒစ်ချ်ကို ဖမ်းမိတာဟာ ဆားဘီးယားမှာ သမိုင်း တကဏ္ဍကို ပြည်ဖုံးကား ချလိုက်နိုင်တာ ဖြစ်ပြီး အခုဆို ဆားဘီးယားဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်လာနိုင်ဖို့ လမ်းပွင့် သွားပြီလို့ ပြောလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဆာ့ဘ် နိုင်ငံရေးခေါင်းဆောင် ကရာဒစ်ချ် နဲ့ အတူ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီး မလာဒစ်ချ်

ဘော့စနီးယား စစ်ပွဲကာလက တာဝန်ရှိသူတွေလို့ စွပ်စွဲခံရတဲ့ သမ္မတဟောင်း မီလိုဆီဗစ်ကိုလဲ ဆားဘီးယားက သဟိဂ် တရားရုံးကို လွှဲပေးခဲ့ဖူးပါတယ်။ မီလိုဆီဗစ်ဟာ တရား ရင်ဆိုင်နေရတုန်း ၂၀၀၉ ခုနှစ် မှာ ကွယ်လွန်သွားပါတယ်။ နောက် ရှောင်ပုန်းနေရာက ထပ်ဖမ်းမိတဲ့ ဆာ့ဘ် နိုင်ငံရေး ခေါင်းဆောင် ရာဒိုဘန် ကရာဒစ်ဂျ်ကတော့ စစ်ရာဇဝတ်မှုတွေနဲ့ ဆက် တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဆားဘီးယား အစိုးရကို ချီးကျူး

ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ကို ဖမ်းမိလိုက်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက ဆားဘီးယား အစိုးရကို ချီးကျူးလိုက်ကြပါတယ်။ အမေရိကန် သမ္မတ အိုဘားမားက ဆားဘီးယား သမ္မတ ဘောရစ် တားဒစ်ရဲ့ သံဓိဋ္ဌာန် ခိုင်မာပုံကို ချီးကျူးလိုက်ပြီး မလာဒစ်ချ် လက်ချက်နဲ့ အသက်ဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေက အခုဆို စိတ်ဖြေရာ ရနိုင်မယ်လို့ မျှောလင့်ကြောင်းပြောပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီကလဲ ဆာ့ဘ်သမ္မတကို သတ္တိရှိသူလို့ ဂုဏ်ပြုပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ စစ်ရာဇဝတ်ကောင်တွေဟာ နိုင်ငံတကာ ဥပဒေရဲ့ လက်က ပြေးလို့ မလွတ်ဘူးဆိုတာ သိထားဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

သူ့ကို သူရဲကောင်း အဖြစ် မှတ်ထားကြတဲ့ ဆားဘီးယား ပြည်သူတချို့ကတော့ ပြန်လွှတ်ပေးလိုက်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။