ကာတာ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ဖို့ ငွေပေးခဲ့သလား

FIFA accused
Image caption စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အမှုဆောင်တွေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အထွထွေအတွင်းရေးမှူး Jerome Valcke က ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ကို ကာတာနိုင်ငံဟာ ငွေပေးပြီးဝယ်ခဲ့တယ်လို့ သူယူဆတဲ့ အကြောင်း အီးမေးလ်တစောင် သူရေးသား ပေးဖို့ခဲ့တယ်ဆိုတာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

လာဘ်စားမှု စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံ နေရတဲ့ ဖီဖာ ဒုတိယဥက္ကဌ ဂျက်ဝါနာက သူ့ဆီကို အဲဒီ အီးမေးလ် ရောက်လာခဲ့ဘူးတယ်လို့ ထုတ်ပြောရာက ဒီ ကိစ္စ ပေါ်လာခဲ့တာပါ။

ဂျက်ဝါနာနဲ့ အတူ စုံစမ်းစစ်ဆေးခံနေရပြီး ဖီဖာတာဝန်တွေက ခေတ္တအနားပေး ခံထားရတဲ့ ကာတာ နိုင်ငံသား အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မိုဟာမက် ဘင် ဟာမန် ကတော့ သူ့နိုင်ငံ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ဖို့ အတွက် လာဘ်ထိုး ခဲ့တာ မရှိဘူး၊ ကာတာကို မဲပေးခဲ့တဲ့ လူ ၁၃ ယောက်ကို သာ မေးကြည့်ပါလို့ တုန့်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လုပ်ဖို့ရှိတဲ့ ဖီဖာ ဥက္ကဌ ရွေးပွဲမတိုင်ခင် ဖီဖာ အဖွဲ့အတွင်း အဆိုးဆုံး လာဘ်စားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

ဖီဖာ ဥက္ကဌနေရာကို ဝင်ပြိုင်ဖို့ စောစောပိုင်းက အစီအစဉ် ရှိခဲ့တဲ့ မစ္စတာ ဘင် ဟာမန် အခုတော့ မပြိုင်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒီတော့ လက်ရှိ ဥက္ကဌ ဆက် ဘလက်တာ ပဲ ပြန် အရွေးခံရဖို့ သေချာသလောက် ရှိနေပါတယ်။

ဖီဖာအဖွဲ့အတွင်း အရှုတ်အရှင်းတွေ ရှိနေပေမဲ့ ဥက္ကဌ ရွေးကောက်ပွဲကိုတော့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမယ်လို့ ဖီဖာက ပြောပါတယ်။