တရုတ်က တီယံနမင်ကိစ္စ လျော်ကြေးပေးဖို့ ပြော

Tiananmen ဓာတ်ပုံ မူပိုင် AP
Image caption တီယံနမင်ရင်ပြင်

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် က တီယံနမင်ရင်ပြင် အရေးအခင်းအတွင်း သေဆုံးသွားသူတွေရဲ့ မိခင်တွေဆီကို အာဏာပိုင်တွေက လျော်ကြေးပေးဖို့ ပထမဆုံးအကြိမ် ကမ်းလှမ်းလာတယ်လို့ မိခင်တွေက ပြောပါတယ်။

တီယံနမင်မိခင်များလို့ လူတွေ သိထားကြတဲ့ မိခင်အဖွဲ့က သူတို့ရဲ့ နှစ်ပတ်လည်စာစောင်ထဲ ဖော်ပြရာမှာ အာဏာပိုင်တွေက လျော်ကြေး ဘယ်လောက်ပေးရမလဲ ဆိုတာအတွက် မိသားစုတစ်စုဆီကို နှစ်ကြိမ်တိုင်တိုင် ချဉ်းကပ်ခဲ့ တယ်လို့ ပြောပါတယ်။

ဒါပေမယ့် မိခင်တွေ အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ တရားဝင် တောင်းပန်ဖို့နဲ့ သတ်ဖြတ်မှုတွေအပေါ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ ဆိုတာတွေကိုတော့ အာဏာပိုင်တွေဘက်က ဘာမှ မပြောဘူးလို့ ဆိုပါတယ်။

ဘေဂျင်းမြို့တော်က တီယံနမင်ရင်ပြင်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖိနှိပ်မှုခဲ့တာဟာ ဇွန်လ ၄ ရက်နေ့ ဆိုရင် ၂၂ နှစ် ပြည့်မှာ ဖြစ်ပါတယ်။