ယီမင်မှာ တိုက်ပွဲ ပြင်းထန်

Yemen ဓာတ်ပုံ မူပိုင် Reuters
Image caption ဆာနား က တိုက်ပွဲတွေ ကြောင့် ထိခိုက် သေဆုံးမှု တွေ များပြား

အကြမ်းဖက် မှုတွေ အကြီးအကျယ် ဖြစ်နေတဲ့ ယီမင် နိုင်ငံမှာ လက်နက်ကိုင် လူမျိုးစုတွေ ထောင်သောင်း ချီပြီး ဆာနား မြို့ကို ချီတက် သွားခဲ့ ပြီးတဲ့နောက် မနေ့ညက ဆာနား မြို့ပြင်မှာ ပြင်းထန်တဲ့ တိုက်ခိုက် မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။

ဆင်းပေးမယ် ပြောလိုက်၊ ငြင်းဆန် လိုက်နဲ့ အမျိုးမျိုး နိုင်ငံရေး ကစား နေတဲ့ သမ္မတ ဆာလေး ရဲ့တပ်ဖွဲ့ တွေနဲ့ လူမျိုးစု ခေါင်းဆောင် ဆာဒက် အယ်လ် အမာ (Sadeq al-Ahmar) ရဲ့ တပ်တွေ မနေ့ညက သုံးညမြောက် တိုက်ခိုက်ခဲ့တာပါ။

ဟာရှက်ဒ် (Hashed) လူမျိုး စုတွေ ထောက်ခံ ထားတဲ့ အယ်လ် အမာ ကို ထောက်ခံသူ ရာနဲ့ချီတဲ့ လက်နက်ကိုင် တွေက မြို့တော် ဆာနား လေဆိပ် နားမှာ သမ္မတ ဆာလေးရဲ့ တပ်တွေနဲ့ တိုက်ခိုက် ဖို့ မြို့တော် မြောက်ဘက် ကနေ ဝင်ရောက် ခဲ့ပြီး အပြန် အလှန် တိုက်ခိုက် ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့ ပါတယ်။

ဒါကြောင့် လေဆိပ်ကို ယာယီ ပိတ်သိမ်း ခဲ့ရပြီး အခုတော့ လေဆိပ် ပုံမှန် ပြန် အလုပ်လုပ် နေပြီလို့ သိရပါတယ်။

အခုအခါမှာ လူမျိုးစု တွေက အင်အား များများ နဲ့ မြို့တော် ဆာနားကို ချီတက် လာနေပြီ လို့လည်း သိရပါတယ်။

ဆန်နား မြောက်ဘက် ကနေ မြို့ထဲကို ဝင်ရောက်ဖို့ ကြိုးစား နေကြတဲ့ ဒီ လူမျိုးစု တွေနဲ့ သမ္မတ တပ်ဖွဲ့ ဝင်တွေ ကြား တိုက်ပွဲ တွေ ကတော့ ဖြစ်နေတုန်းပါပဲ။

အခြေ အနေတွေ ကတော့ အလွန်ကို ဆိုးနေပြီး၊ ဓာတ်ဆီဆိုင် တွေမှာ တန်းစီ နေကြတဲ့ ကားတန်း ကြီးတွေက အရှည်ကြီး ဖြစ်နေ သလို ဆိုင်တွေလည်း ပိတ်ကုန်ပြီလို့ သိရ ပါတယ်။

ပြည်သူတွေ ထောင်သောင်း ချီကတော့ ကြောက်လို့ ဆန်နား ကနေ ထွက်ပြေး နေကြပြီး အခြေ အနေ ကတော့ ပြည်တွင်း စစ်ကို ဦးတည် နေပြီလို့ ဆန်နားက ဘီဘီစီ သတင်းထောက် လီနာ ဆင်းဂျက်ဘ် (Lina Sinjab) က ပြောပါတယ်။

ယီမင် သမ္မတ အလီ အဗ္ဗူလာ ဆာလေး ဟာ ၃၃ နှစ်ကြာ တိုင်းပြည်ကို တဦးတည်း အုပ်ချုပ် ခဲ့ပြီး သူ့ကို အတိုက် အခံတွေက လအ တန်ကြာ ဆန့်ကျင် နေခဲ့ ပေမယ့် ရာထူး ကနေ ဆင်းပေးဖို့ ငြင်းဆန် နေခဲ့တာ ဖြစ်ပါတယ်။