ရာသီဥတု မပြောင်းဖို့ သစ်တောထိန်းသိမ်းရေး အဓိကကျ

Image caption သစ်ခုတ်လှဲမှုတွေကြောင့် သစ်တောပြုန်းတီးရ

ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပြီး ဆောင်ပုဒ်က လူသားများအတွက် ဝန်ဆောင်မှုပေးနေတဲ့ သစ်တောများဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ဟာလဲ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သစ်တောဖုံးလွမ်းမှုဟာ ၁၉၂၅ ခုနှစ်က ၆၆ ရာခိုင်နှုံးရှိခဲ့ပေမဲ့ အခုအခါ ၄၁ ရာခိုင်နှုံးသာ ရှိတော့တယ်လို့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့ FREDA က ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားကြီး ဦးအုံးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သစ်တောတွေကို မဆင်မခြင် ခုတ်လှဲ ရောင်းချတာ ထင်းမီးသွေးအတွက် သစ်ခုတ်ကြတာတွေ ရွှေတူးဖေါ်ရေးလုပ်ငန်းတွေဟာ သစ်တော ပြုန်းတီးရတဲ့ အဓိက အကြောင်းရင်းတွေလို့ ဆိုပါတယ်။

သစ်တောပြုန်းတီးမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှုများပြီး လေကောင်းလေသန့်မရလို့ သဘာဝဝန်းကျင် ပျက်ပြီး ကမ္ဘာကြီးပူနွေးလာရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တောကောင်တွေရဲ့ နေထိုင်ကျက်စားရာ နယ်မြေတွေ ထိခိုက်လို့ ကျားဆင် စတဲ့ သဘာဝ တောကောင်တွေလည်း ရှားပါးလာရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တောပြုန်းလို့ ရာသီဥတု ဖေါက်ပြန်ပြီး ရေကြီးတာတွေဖြစ်

ဒါကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု မပြောင်းလဲ စေဖို့အတွက် သစ်တောတွေကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ဦးအုံးက ပြောပါတယ်။

သစ်တောတွေကို ပြန်လည် ထိန်းသိမ်းရာမှာ သစ်ပင်တွေ မရှိတော့တဲ့ ကွက်လပ်တွေမှာ သစ်ပင်တွေ ပြန်စိုက်ရုံမက ပျက်နေတဲ့ တောတွေကို ထိန်းသိမ်းဖို့၊ သစ်ပင်တမျိုးတည်းကို ပြန်စိုက်တာမျိုးမဟုတ်ဘဲ သစ်ပင်မျိုးစုံကို သဘာဝ အတိုင် ပြန်ဖြစ်အောင် စိုက်ပျိုးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒိလိုဆောင်ရွက်ရာမှာ REDD လို့ခေါ်တဲ့ Reducing Emissions from Deforestation and Forest Degradation သစ်တောပြုန်းတီးမှုနဲ့ သစ်တောပျက်မှုကြောင့် ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ လျော့ကျရေး အစီအစဉ်တွေဟာ အဓိကကျတယ်လို့ ဦးအုံးကပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာ အခုအခါ ဟောပြောပွဲတွေ ဓါတ်ပုံ ပန်းချီပြပွဲတွေနဲ့ စာရေးဆရာ ပန်းချီဆရာ ဓါတ်ပုံဆရာ စတဲ့ အနုပညာရှင် အတော်များများ ပါဝင်လာကြတာကို တွေ့ရပါတယ်။

အဲဒီ အနုပညာရှင်တွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ကြတဲ့ လူတွေ ဖြစ်တဲ့အလျောက် အနုပညာနဲ့ လူတွေကို အသိပညာပေးတာဟာ ပိုပြီးထိရောက်မယ်လို့ ယူဆကြတဲ့အတွက် အခုလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်ကြတာဖြစ်တယ်လို့ ပန်းချီ အနုပညာရှင် တဦးဖြစ်တဲ့ ဦးမြင့်မောင်ကျော်က ပြောပါတယ်။