ကေအိုင်အေ နဲ့ အစိုးရစစ်တပ် တိုက်ပွဲ ဖြစ်ပွားပြန်

Image caption ကေအိုင်အေ စစ်သားတွေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ တာပိန်မြစ်အရှေ့ဖက်ကမ်းရှိ ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ၊ တပ်ရင်း(၁၅)ရဲ့ ရှေ့တန်းစခန်းတခုမှာ ကေအိုင်အေတပ်ဖွဲ့၀င်များနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အစိုးရစစ်တပ်အကြား၊ ကနေ့မနက်ပိုင်းက အပြန်အလှန် တိုက်ပွဲတခုဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေ အခြေစိုက်နယ်မြေအတွင်း နယ်ကျွံ၀င်ရောက်လာတဲ့အတွက်၊ မနေ့က ကေအိုင်အေ ဖက်ကနေ ခေါ်ယူထိန်းသိမ်းထားတဲ့ အစိုးရစစ်တပ်ဖက်က တပ်ကြပ်ကြီးတဦး၊ ဗိုလ်ကြီးတဦးနဲ့ဗိုလ်တဦး၊ စုစုပေါင်း သုံးဦး ကိစ္စကို အကြောင်းပြုပြီး အစိုးရစစ်တပ်ဖက်ကနေ တပ်နဲ့စတင်၀င်ရောက်လာတဲ့အတွက်၊ ကနေ့မနက် (၇)နာရီ၀န်းကျင်လောက်ကစပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြရာမှာ တိုက်ပွဲဟာ နှစ်နာရီလောက်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား တင်းမာမှုတွေ ဆက်တိုက်လိုလို ဖြစ်ပေါ်နေရာမှာ ပြီးခဲ့တဲ့မေလ(၁၈)ရက်နေ့က ကေအိုင်အေ ရင်း၁၁ နယ်မြေမှာတကြိမ်၊ မေလ(၂၇)ရက်နေ့က ရင်း(၂၇)နယ်မြေမှာ တကြိမ် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ ကနေ့ဖြစ်ပွားခဲ့တာကတော့ ခမရ(၄၃၇)၊ ခမရ(၃၄၈)တို့မှ တပ်ဖွဲ့၀င်တွေနဲ့ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာ ကေအိုင်အေဖက်မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ပြီး အစိုးရစစ်တပ်ဖက်မှ သေဆုံးရမှုရှိခဲ့သလို၊ အနည်းဆုံး (၉)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ဆုံးသိရပါတယ်။

ထိခိုက်သေဆုံးရမှုတွေအတွက် သီးခြားအတည်ပြုချက်တော့ ရယူနိုင်ခြင်းမရှိသေးပါဘူး။