မဲခေါင်မြစ်အတွင်း မြန်မာနဲ့လော ပူးတွဲကင်းလှည့်မယ်

Image caption မဲခေါင်မြစ်ကြောင်း

ရွှေတြိဂံနယ်မြေအတွင်း မဲခေါင်မြစ်ကြောင်းမှာ ဓါးပြတိုက်တာ ပြန်ပေးဆွဲတာတွေ မကြာခဏဖြစ်နေတာကြောင့် လောနဲ့ မြန်မာစစ်တပ်တွေ အင်အားတိုးချပြီး ရေကင်းလှည့်တာတွေ ပူးတွဲလုပ်ဆောင်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရွှေတြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ လောတပ်မတော် ဒုတိယစစ်ရေးအရာရှိ ဗိုလ်မှူးချုပ် ဘွားလိယန့် ကျမ်းပါးဖန်းတို့ ဦးဆောင်ပြီး ပြီးခဲ့တဲ့ ကြာသာပတေးနေ့က လောနိုင်ငံမှာ ဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်၊။

ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းမှာ အများအားဖြင့် တရုတ်ကုန်တင်သင်္ဘောတွေ အသွားအလာများတဲ့ အလျောက် ဓါးပြတိုက်ခံရတာလည်း တရုတ်သင်္ဘောတွေ များတယ်လို့ ဆိုပါတယ်။

မကြာခင်က လောဘက်ကမ်းမှာ ဖွင့်ထားတဲ့ ကာဆီနိုပိုင် မော်တော်ဘုတ်တစင်းပေါ်က လူ ၁၃ ဦးကို ပြန်ပေးဆွဲတာတွေ ကာဆီနိုကို လှေနဲ့ လာကြတဲ့ တရုတ်သူဌေးတွေကို ဓါးပြတိုက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်ကပြောပါတယ်။

ဒီလို ဓါးပြတိုက်တာ ပြန်ပေးဆွဲတာတွေ လုပ်နေတဲ့ အဖွဲ့တွေ ထဲမှာ လောလောဆယ် နာမည်ထွက်နေတဲ့ အဖွဲ့ကတော့ ရှမ်းလူမျိုး နော်ခမ်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး လူအင်အားအနည်းဆုံး ၈၀ လောက်ရှိတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

အခုလို နှစ်နိုင်ငံက စစ်တပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပြီဆိုတော့ ဓါးပြတိုက်တဲ့အဖွဲ့တွေကို နှိမ်နင်းဖို့ ပိုလွယ်ကူလာနိုင်တယ်၊ ဒါပေမယ့်လည်း တောတောင်ထူထပ်တဲ့နေရာမှာ လူအင်အား ငွေအင်အားတွေ ကိုပါ အသုံးပြုရမှာမို့ ပိုလို့ အခက်အခဲတော့ ရှိနိုင်တယ်လို့ တာချီလိပ်မြို့နယ်က လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။