အကြွေး မျက်နှာကျက် မြှင့်ဖို့ ဘဏ်ဥက္ကဌပြော

US Job
Image caption အမေရိကန် အကြွေး ပိုများလာသလို အလုပ်အကိုင် ဖန်တီးမှုလည်း အားမကောင်းသေး

အမေရိကန် အစိုးရ အများဆုံး ချေးနိုင်တဲ့ အကြွေး ပမာဏကို မမြှင့်ရင် ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်လိမ့်မယ်လို့ ဗဟို ဘဏ် ဥက္ကဌက သတိ ပေးလိုက် ပါတယ်။

လောလောဆယ်မှာ အမေရိကန် အစိုးရက အများဆုံး ချေးနိုင်တဲ့ အကြွေး ပမာဏဟာ ဒေါ်လာ ၁၄ ဒဿမ ၃ ထရီလီယံ ရှိပြီး ဒီ ပမာဏကို မမြှင့်နိုင်ရင် အမေရိကန်ရဲ့ ချေးထား တဲ့ ပိုက်ဆံတွေပေါ် အတိုးပေးနိုင်မှုကို ရင်းနှီး မြှတ်နှံသူတွေက အယုံအကြည် မရှိ ဖြစ်လာပြီး စီးပွားရေး အရ ကြီးမားတဲ့ ဆိုးကျိုးတွေ ရင်ဆိုင် ရနိုင်တယ်လို့ ဗဟိုဘဏ် ဥက္ကဌ ဘင်ဘာနန်ကီးက သတိ ပေးလိုက်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကလည်း ချေးနိုင်တဲ့ အကြွေး ပမာဏကို မမြှင့်နိုင်ရင် နောက်ထပ် ဘဏ္ဍာရေး အကျပ်အတည်း တခု ဆိုက်လာနိုင်တယ်လို့ သတိ ပေးခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန် ရှိသူတွေ ပြောတာက သူတို့ သြဂုတ်လ လောက်ထိ ဟိုကလှည့်၊ ဒီကလှည့်နဲ့ တောင့်ခံ နိုင်ကောင်း တောင့်ခံ နိုင်ပေမယ့် သြဂုတ်လ နောက်ပိုင်း ရောက်လာရင် အမေရိကန်ဟာ သူယူထားတဲ့ အကြွေးတွေရဲ့ အတိုး တွေကို ပြန်မဆပ် နိုင်တော့တဲ့ အနေအထား ရောက်လာလိမ့်မယ်လို့ ပြောနေပါတယ်။

အဲဒိအခါ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေဟာ အမေရိကန် ဒေါ်လာ ကို အခြေပြုပြီး အမှီသဟဲ ပြုထားကြတဲ့ အတွက် အဲဒိအခါမှာ ဘဏ္ဍာရေး စနစ်ကြီး တခုလုံး ပြိုလဲတဲ့ထိ ဖြစ်လာနိုင်တယ် ဆိုပြီး သတိပေးနေပါတယ်။

ဒါပေမယ့် ရီပတ်ဗလစ်ကန် ပါတီက အမတ်တွေကတော့ ချေးနိုင်တဲ့ အကြွေး ပမာဏကို မြှင့်မယ်ဆိုရင် အဲဒိ မြှင့်မဲ့ ပမာဏနဲ့ ညီမျှတဲ့ အသုံးစရိတ် လျှော့ချရေး အစီအမံတွေ မပါဘဲနဲ့ အကြွေး မျက်နှာကျက် မြှင့်ဖို့ကို သဘော မတူနိုင်ဘူးလို့ အပြတ် ပြောထားပြီး ဖြစ်ပါတယ်။

ခုချိန်ထိတော့ နှစ်ဘက် သဘော တူညီမှု မရသေးပါဘူး။

ဗဟိုဘဏ် ဥက္ကဌကတော့ အသုံးစရိတ် လျှော့ချရေး အစီအမံတွေဟာ စီးပွားရေး နည်းနည်း ပြန်ဦးမော့စ ပြုနေတာကို သွားထိခိုက်နိုင်တယ်လို့ သတိ ပေးနေပါတယ်။

ခုဆိုရင်ပဲ ခုသီတင်းပတ်တွေမှာ အမေရိကန်က ထွက်လာတဲ့ စီးပွားရေး ကိန်းဂဏန်း တွေက စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလာတာကို ပြနေပါပြီ။

မနေ့က ထွက်လာတဲ့ ကုန်ပစ္စည်း ရောင်းအား ကိန်းဂဏန်းတွေဟာ ဆယ်လအတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် အနုတ် လက္ခဏာ ပြနေပြီး အမေရိကန်က ပေါ်လစီ ချမှတ်သူတွေ အနေနဲ့ အထူး သတိ ထားရလိမ့်မယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က နယူး ယောက်ကနေ သတင်း ပို့ထားပါတယ်။