အာဆတ်နဲ့ နီးစပ်သူ လုပ်ငန်း တချို့ စွန့်

Syria ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ပြည်သူ လူထုက အစိုးရကို ဖြုတ်ချချင်

ဆီးရီးယား အစိုးရကို ပြည်တွင်း ပြည်ပက ဖိအား ပိုပေး လာချိန်မှာ သမ္မတအာဆတ် ရဲ့ အဝန်း အဝိုင်းထဲမှာ သူနဲ့ အနီးစပ်ဆုံး လူတွေထဲ တဦး အပါအဝင် ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင် ရာမီ မက်လောက်ဖက သူ့ရဲ့ စီးပွား ရေး လုပ်ငန်း တချို့ကို စွန့်လွှတ် တော့မယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာ သွားပါတယ်။

ရာမီ မက်လောက်ဖဟာ ဆီးရီးယား သမ္မတနဲ့ ညီအကို ဝမ်းကွဲ တော်စပ်ပြီး ဟိုတယ်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပိုင်ပြီး၊ ဆီးရီးယားက အကြီးဆုံး မိုဘိုင်းဖုံး ကုမ္ပဏီမှာလည်း ရှယ်ယာ အများစု ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

ခုဆီးရီးယား အုံကြွမှုမှာ ဆီးရီးယား ပြည်သူလူထုရဲ့ ရွံရှာ မုန်းတီးမှု အခံရဆုံး လူတွေထဲမှာ သူလည်း ပါပြီး ခုသူ့ လုပ်ငန်း တချို့ စွန့်လွှတ်တော့မယ် ဆိုတဲ့ ကြေညာချက်က ဆီးရီးယား အစိုးရဟာ ဘေးကြပ် နံကြပ် ဖြစ်လာတာကို ရှင်းရှင်းလင်းလင်း ပြနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တဘက်မှာ ပြည်ပက ဆီးရီးယား အစိုးရပေါ် ဖိအားဟာလည်း ပိုကြီးလာနေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက သူ သမ္မတ အာဆတ်နဲ့ စကားပြောခဲ့တယ်၊ ကိုယ့် ပြည်သူလူထုကို သတ်ဖြတ်နေတာတွေ ရပ်ဖို့ တိုက်တွန်း ခဲ့တယ်လို့ ပြောပါတယ်။

တဘက်မှာ အနောက် နိုင်ငံ တချို့ကလည်း လုံခြုံရေး ကောင်စီကနေ ဆီးရီးယားကို အရေးယူဖို့ ကြိုးစား နေပါတယ်။

တချို့ နိုင်ငံတွေက အုပ်ချုပ်သူ အစိုးရ အပြောင်းအလဲ ဖြစ်အောင် တောင်းဆိုတဲ့ ဆုံးဖြတ် ချက်မျိုးကို ထောက်ခံရမှာ ဝန်လေးနေတယ်လို့ ကုလသမဂ္ဂက ဘီဘီစီ သတင်းထောက်က သတင်းပို့ထားပါတယ်။

အာဏာပိုင်တွေက ပြုပြင် ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ပြောနေ ပေမယ့် တဘက်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေကို လက်နက်နဲ့ ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။