ဆီးရီးယား သမ္မတရဲ့ မိန့်ခွန်း

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်က နိုင်ငံကို မိန့်ခွန်း ပြောခဲ့တဲ့ မိန့်ခွန်း ထဲမှာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး အတွက် ဥပဒေနဲ့ အညီ တောင်းဆိုမှု တွေကို အဖျက် သမားတွေက အသုံးချ ဖို့ ကြိုးစား ခဲ့ကြ တယ်လို့ စွပ်စွဲ ပြောဆို လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြုပြင် ပြောင်းလဲရေး လိုလား မှုတွေကို အဖျက် သမား တွေ နှောင့်ယှက် တယ်လို့ သမ္မတ ပြော

ရိုးရိုး သားသား ပြုပြင် ပြောင်းလဲရေး တောင်းဆိုကြသူ လူကောင်း တွေနဲ့ အဖျက် သမား တွေကို ခွဲခြား ကြဖို့လည်း မစ္စတာ အာဆတ်က ပြောခဲ့ပါတယ်။

အဖျက်သမား တွေက လူနည်းစု ဖြစ်ပေမဲ့ သူတို့က တခြား သူတွေကို လွှမ်းမိုးနိုင်တယ်၊ လူကောင်းတွေကို နားလည်မှု လွဲအောင် လုပ်နေကြတယ်၊ ဒါကြောင့် သူတို့ကို ခွဲခြား နိုင်ဖို့ အရေးကြီးတယ်လို့ သမ္မတ ဘာရှား အယ်လ် အာဆတ်က ပြောပါတယ်။

လူပေါင်း တစ်ထောင့် သုံးရာလောက် သေဆုံးခဲ့ရတဲ့ သုံးလကြာ ဆန္ဒ ပြမှုတွေ အတွင်း အဲဒီ အဖျက်သမား တွေကြောင့် ဆီးရီးယား နိုင်ငံ အပေါ် အများ အမြင် ထိခိုက် စေခဲ့ တယ်လို့လည်း မစ္စတာ အာဆတ်က ပြောပါတယ်။

ပြုပြင် ပြောင်းလဲရေး အတွက် သူကြိုးပမ်း နေတယ်၊ ဒါပေမဲ့ ရမ်းကား ဖျက်ဆီးမှု ကနေတော့ ပြုပြင် ပြောင်းလဲမှု လုပ်လို့ မဖြစ် နိုင်ဘူး လို့လည်း သူက ဆိုပါတယ်။

ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ ပြီးတဲ့နောက် သမ္မတ အာဆတ်က တိုင်းပြည်ကို လူသိရှင်ကြား ပြောခဲ့တာ အခု တကြိမ်ဟာ သုံးကြိမ်မြောက် ဖြစ်ပါတယ်။

သူ မိန့်ခွန်း ပြောအပြီးမှာ ဆန္ဒပြမှု အတော် များများ ရှိခဲ့တယ်လို့ သိရပါတယ်။