မြန်မာဟာ ကမ္ဘာမှာ ပဉ္စမမြောက် ဒုက္ခသည်အများဆုံး

Image caption နယ်စပ်တိုက်ပွဲတွေကြောင့် ပြေးကြရသူတွေ

ကမ္ဘာပေါ်က ဒုက္ခသည် ၁၅ သန်းကျော်မှာ လေးပုံတပုံကို ဆင်းရဲတဲ့နိုင်ငံတွေက လက်ခံထားကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဒီကနေ့ ကမ္ဘာဒုက္ခသည်များဆိုင်ရာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒုက္ခသည် အများစုဟာ စစ်ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ဆိုမာလီယား နဲ့ ကွန်ဂိုနိုင်ငံတွေက ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း မငြိမ်းချမ်းမှုတွေကြောင့် ဒုက္ခသည် ၄ သိန်း၂သောင်းလောက် နိုင်ငံအပြင်ကို ရောက်နေကြရတာကြောင့် ကမ္ဘာမှာ ပဉ္စမမြောက် ဒုက္ခသည်အများဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာဒုက္ခသည် တသိန်းနီးပါးခိုလှုံနေပြီး ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသူတွေ နိုင်ငံရေးဆက်နွယ်မှုကြောင့် ထွက်ပြေးလာသူတွေ အစိုးရ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ထွက်ပြေးလာရသူတွေ အများစုဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။

သူတို့ကို အကူအညီပေးနေတဲ့ အဖွဲ့တွေရဲ့ ရံပုံငွေအခက်အခဲကြောင့် လောလောဆယ် ကျန်းမာရေး၊ ပညာရေးနဲ့ ရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယက မြန်မာဒုက္ခသည်တွေ ဆန္ဒပြ

Image caption အိန္ဒိယရောက် မြန်မာနိုင်ငံသားဒုက္ခသည်တွေ

အိန္ဒိယကိုရောက်ရှိခိုလှုံနေတဲ့ မြန်မာ၊ ချင်း၊ ကချင်၊ ရခိုင်စတဲ့ ဒုက္ခသည်တွေက လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ ကာကွယ်မှုတွေရရှိရေး ခွဲခြားဆက်ဆံမှုရပ်ဆိုင်းရေး နယူးဒေလီမြို့လယ်က ပါလီမန်အနီး ဂျန်တားမန်တားပန်းခြံမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာပြည်မှာ ဘာသာရေးလူမှုရေး ခွဲခြားဆက်ဆံခံခဲ့ရသလို အိန္ဒိယမှာလည်း ဒေသခံတွေရဲ့ အနိုင်ကျင့်မှု ခွဲခြားဆက်ဆံမှုတွေခံနေကြရတယ်လို့ ဒုက္ခသည်အမျိုးသမီးတဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံသားဒုက္ခ ၉၀၀၀ နီးပါး ဒုက္ခသည်အဖြစ်လျှောက်ထားခဲ့ပြီး ၃၇၀၀ ကျော်ကို ဒုက္ခသည်အဖြစ်အသိမှတ်ပြုပြီးဖြစ်တယ်လို့ သိရပါတယ်။

မလေးရှား၊ဘင်္ဂလားဒေ့စတဲ့နိုင်ငံတွေမှာလည်း မြန်မာဒုက္ခသည် အများအပြားရှိနေပါတယ်။