သီရိလင်္ကာမိဘများသတိရှိဖို့လို

sri_lanka_map
Image caption သီရိလင်္ကာ နိုင်ငံ

သီရိလင်္ကာနိုင်ငံမှာလိင်ပျော်ပါးမှု လုပ်ငန်း တွေမှာ အသုံး ချဖို့ လူကုန် ကူးတဲ့ သူတွေရဲ့ အန္တရာယ် တွေနဲ့ ပတ်သက် ပြီး သားသမီး တွေ အတွက် မိဘတွေ သတိ ရှိကြဖို့ အစိုးရ အရာရှိ တဦးက နှိုးဆော် သတိပေး လိုက် ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် လောက်က ပြီးတွင်းစစ် ပြီးဆုံး ခဲ့ပြီး တဲ့ အချိန်က စလို့ သီရိလင်္ကာနိုင်ငံ အတွင်း အခြေအနေ အရပ်ရပ်ဟာ အရှိန် အဟုန် နဲ့ တိုးတက် ပြောင်းလဲ နေတာ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲ တိုးတက် လာတဲ့ အထဲမှာ လိင် အပျော်အပါး လုပ်ငန်းတွေ လဲ ပါဝင် နေပါတယ်။ အဲဒီ လုပ်ငန်းတွေ မှာ အသုံးချ ဖို့အတွက် လူကုန် ကူးတဲ့ လုပ်ငန်း ရဲ့ အန္တရာယ် ဟာလဲ စိုးရိမ် စရာ ဖြစ်လာပါတယ်။ အထူးသဖြင့် ဆင်းရဲ နွမ်းပါးတဲ့ မိသားစု တွေ အတွက် အတော်ကို စိုးရိမ် စရာ ကောင်းပါတယ်။

ဒါကြောင့်လဲ သီရိလင်္ကာ အစိုးရ က ခန့်အပ်ထားတဲ့ အမျိုးသား ကလေး သူငယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က အာဏာပိုင် တဦး ဖြစ်တဲ့ အနိုမာ ဒစ္စနယကေ က မိဘ တွေကို မသိတဲ့ လူစိမ်း တွေက သူတို့ ကလေးတွေ အတွက် အလုပ် အကိုင် ရှာပေးမယ် ဆိုပြီး ပြော လာရင် အထူး သတိ ထားဖို့ နှိုးဆော် လိုက်တာ ဖြစ်ပါတယ်။

ဒီ လို လူစိမ်း တွေက မိဘ လုပ်သူ တွေကို သူတို့ရဲ့ သမီးငယ် တွေကို အိမ်ဖော် လိုမျိုး အလုပ်လုပ် နိုင်ဖို့ အတွက် ကူညီပေးမယ် ဆိုပြီး ဖျားယောင်း ကြရင် နားမယောင် ကြဖို့ နဲ့ အဲဒီ ထဲက တချို့ဟာ လူကုန်သည်တွေ ဖြစ်နိုင်ပြီး အဲဒီ မိန်းကလေး တွေကို ပြည့်တန်ဆာ လုပ်ငန်းတွေ မှာ ရောင်းချသွား နိုင်တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာမှာ အခု ပိုမို လွတ်လပ်စွာ ကူးသန်း သွားလာ ခွင့် တွေကို အားပေးလာ ကြတဲ့ အတွက် ဒီလို လူကုန်သည်တွေ အတွက် ပညာရေးပိုင်း မှာ အားနည်းပြီး နွမ်းပါး ကြတဲ့ နိုင်ငံ ရဲ့ မြောက်ပိုင်းက အပိုဝင်ငွေ ရဖို့ အင်မတန် တောင့်တ နေကြတဲ့ မိသားစုတွေဆီကိုလမ်းဖွင့် ပေးလိုက် သလို ဖြစ်နေ ပါတယ်။

အဲဒါကြောင့်လဲ အနိုမာက ဒီချို့တဲ့ ကြတဲ့ မိသားစု တွေကို ကြုံလာနိုင်တဲ့ ဘေးရန်တွေ အတွက် သတိ ရှိကြဖို့ ပြောထား ရတာဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်း ကလဲ မြို့တော် ကိုလံဘို ဇိမ်ခန်း တခုကို ဝင်ဖမ်း တုန်းကလဲ အရွယ် မရောက် သေးတဲ့ မိန်းကလေး ၂ ဦး အပါအဝင် ၉ ဦးကို ကယ်တင် နိုင်ခဲ့ ကြပါတယ်။ အဲဒီထဲက အများစုက ခုနက ပြောခဲ့တဲ့ နိုင်ငံရဲ့ မြောက်ပိုင်းက လာကြ သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနှစ် လောက်က သီရိလင်္ကာ နိုင်ငံမှာ ကလေးတွေ အတွက် ရည်ရွယ်လို့ အထူး ဆက်သွယ်ရန် ဖုန်းလိုင်း တခုကို တည်ထောင်ပေး ခဲ့ပါတယ်။ အဲဒီ လိုင်းကို ဆက်သွယ် လာကြတဲ့ အကြိမ်ပေါင်းက ၃ သောင်း ၄ ထောင် ကျော်သွား ပြီ ဖြစ်ပြီး အဲဒီထဲက မဖွယ်မရာ စော်ကား ခံရတဲ့ ကလေးတွေ အတွက် ဆက်သွယ် လာ တာတွေ တင်က ထောင် ဂဏန်းနဲ့ကို ချီ ပြီး ရှိနေ ပါတယ်။ ဒါကြောင့်လဲ အခုလို လိင် အပျော်အပါး ကိစ္စတွေ အတွက် လူကုန် ကူးကြ တာတွေ ကို ပိုမို စိုးရိမ် လာနေကြ တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပြည်တွင်း စစ်ကလဲ ပြီးဆုံးခဲ့ပြီ ဖြစ်လို့ ခရီးသွား လုပ်ငန်း တွေကလဲ ပြန်လည် ဦးမော့ လာနေပါပြီ။ အဲဒါကလဲ လိင် နဲ့ ပြည့်တန်ဆာ လုပ်ငန်း တွေ ကို ပိုမို ကျယ်ပြန့် လာ အောင် အားပေး သလို ဖြစ်လာ နိုင်ပြန်လို့ စိုးရိမ် စရာ လဲ ဖြစ်နေပြန်ပါတယ်။