လစ်ဗျားသူပုန်ကို ပြင်သစ်ကူညီတဲ့ အပေါ် အာဖရိက သမဂ္ဂ ဝေဖန်

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖရိက သမဂ္ဂက အကြီးအကဲတွေနဲ့ ကဒါဖီ

လစ်ဗျား သူပုန်တွေကို ပြင်သစ်က လက်နက်တွေ ပစ်ချပြီး အကူအညီပေးဖို့ တဦးတည်း သဘောနဲ့ ဆုံးဖြတ်ချက်ချလိုက်တာဟာ အန္တရယ်များပြီး ဒေသတခုလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ အာဖရိက သမဂ္ဂရဲ့ ထိပ်ပိုင်း အရာရှိ တယောက်က ပြောကြားလိုက်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ သူ့အဆိုအရ လစ်ဗျားကို ဆိုမာလီ နိုင်ငံလို ဖြစ်လာအောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ အာဖရိက သမဂ္ဂ ကော်မရှင် အကြီးအကဲ ရှင်းပင်းန်က ဘီဘီစီကို ပြောပါတယ်။

ထရစ်ပိုလီမြို့ အနောက်တောင်ပိုင်းက တောင်တန်းတွေပေါ်မှာရှိတဲ့ ကဒါဖီ တပ်တွေကို ပြန်တိုက်နိုင်အောင် လစ်ဗျားသူပုန်တွေကို လက်နက် တန်ချိန် ၄ဝ လောက် ဝေဟင်ကနေ ပစ်ချပေးခဲ့တယ်လို့ အစောပိုင်းတုန်းက ပြင်သစ်က အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ လစ်ဗျားအပေါ် ဘယ်လို လက်နက်မျိုးမှာ မတင်သွင်းရဘူးဆိုတဲ့ အချက်နဲ့ ငြိစွန်းနိုင်တယ်လို့ တချို့ လေ့လာသုံးသပ်သူတွေက ဆိုနေကြပါတယ်။