ခြစားမှု မကင်းရင် လူထု ထောက်ခံမှာ မဟုတ်

တရုတ် သမ္မတ ဟူကျင်းတောင်က ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ယုံကြည် ကိုးစားမှုကို ထိန်းသိမ်း နိုင်အောင် ကွန်မြူနစ် ပါတီအနေနဲ့ အဂတိ လိုက်စားမှုကို တိုက်ဖျက် ရမယ်လို့ ပါတီဝင်တွေကို သတိပေးလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ် ကွန်မြူနစ် ပါတီ တည်ထောင်တဲ့ ၉၀ နှစ် အခမ်းအနား

အဂတိ လိုက်စားမှုကို ထိထိ ရောက်ရောက် မကိုင်တွယ် နိုင်ဘူး ဆိုရင် လူထုရဲ့ ထောက်ခံမှု ဆုံးရှုံး သွားလိမ့်မယ်လို့ သမ္မတ ဟူဂျင်းတောင်က တရုတ် ကွန်မြူနစ် ပါတီ တည်ထောင်တဲ့ နှစ်ပေါင်း ၉၀ ပြည့် နှစ်ပတ်လည် နေ့ မိန့်ခွန်းမှာ ပြောခဲ့ တာပါ။

ပါတီ အာဏာရ ယူလာခဲ့တဲ့ ၁၉၄၉ ခုနှစ် နောက်ပိုင်း လုပ်ဆောင် နိုင်မှုတွေကို လည်း သူက ချီးကျူး ပြောဆိုခဲ့ ပါတယ်။

ဒါပေမဲ့ တိုင်းပြည် တည်ငြိမ်မှု မရှိဘဲနဲ့တော့ ဘာကိုမှ အထမြောက် အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး၊ ပါတီရဲ့ အောင်မြင်မှုတွေလည်း ဆုံးရှုံး သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

အရှေ့ အလယ်ပိုင်း ပုံစံ ဒီမို ကရေစီရေး ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ မကြာသေးခင်က တောင်းဆို ခဲ့ကြမှုတွေကြောင့် လူ့ အခွင့် အရေး ရှေ့နေတွေနဲ့ အစိုးရ အတိုက် အခံ အတော် များများ ဖမ်းဆီး ခံခဲ့ကြရ ပါတယ်။

တရုတ်နိုင်ငံရေး ဘယ်ဘက်ကို ဦးတည်မလဲ

ယေဘူယျ အားဖြင့် တရုတ် သမ္မတ ဟူကျင်းတောင်နဲ့ ဝန်ကြီးချုပ် ဝမ်ကြားဘောင် တို့ရဲ့ နေရာမှာ ဒုတိယ သမ္မတ ဇီကျင့်ပင် နဲ့ ဒုတိယ ဝန်ကြီးချုပ် လီကွေ့ချောင် တို့ပဲ အစားထိုး ဝင်ရောက် လာလိမ့်မယ်လို့ ယူဆ ထားကြ ပါတယ်။

လောလောဆယ် တရုတ် ခေါင်းဆောင် တွေရဲ့ ခရီးစဉ်တွေ မှာလည်း သူတို့ အမြဲ လိုက်ပါ လာတတ်တာ တွေ့ရ ပါတယ်။

တရုတ် အရေး ကျွမ်းကျင် သူတွေ ကတော့ နောက်ထပ် စောင့်ကြည့်ရမယ့် တတိယ ပုဂ္ဂိုလ် တယောက်လည်း ရှိသေးတယ် သူကတော့ ချုံကင်း တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ဘိုဇီလိုင်း ဖြစ်တယ်လို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ သူဟာ လူအများ စိတ်ဝင်စားတာ ခံလာရတဲ့ လူတယောက်ပါ။

ဘိုဇီလိုင်း ဆိုတာ ဘယ်သူလဲ

အသက် ၆၀ ရှိပြီဖြစ်တဲ့ သူ့ကို လက်ဝဲ ခေါင်းဆောင်သစ်လို့ ဆိုကြ ပါတယ်။

သူဟာ တရုတ် ကွန်မြူနစ် ပါတီ ဥက္ကဌဟောင်း မော်စီတုန်းရဲ့ သာတူ ညီမျှရေး အတွေး အခေါ်ကို ပြန်လည် အသက်သွင်းလိုသူ ဖြစ်ပါတယ်။

သူ့အတွေး အခေါ်နဲ့ ပတ်သက်ပြီး လက်တွေ့ ဆောင်ရွက်ချက် တချို့ကိုလည်း တွေ့မြင်နေရ ပါတယ်။

သူဟာ ဆင်းရဲ ချမ်းသာ ကွာဟမှု လျော့နည်း ကျဆင်းရေး၊ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး၊ တန်ဖိုးနည်း အိမ်ရာတွေ အရေအတွက် တိုးချဲ့ ဆောက်လုပ်ရေး တို့ကို အဓိက အာရုံစူးစိုက် လုပ်ကိုင်ခဲ့တာ အပြင် ဝါဒရေးရာ ဆောင်ရွက်ချက်တွေ လုပ်ဆောင်တာ လည်းတွေ့ရပါတယ်။

ဒီဆောင်ရွက်ချက် တွေကြောင့် သူဟာ ဘေးဂျင်း အစိုးရရဲ့ အာရုံစူးစိုက်မှု ရလာပြီး နောက်နှစ်မှာ ကွန်မြူနစ်ပါတီရဲ့ အာဏာအရှိဆုံး နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်တဲ့ ပေါ်လစ်ဗျူရို ၉ ယောက်ထဲမှာ တစ်ယောက် အဖြစ် ရွေးချယ်မယ်လို့ တစ်ပြေးနေပါတယ်။

နိုင်ငံခြား သံတမန် တွေနဲ့ စီးပွားရေး သမား တွေကတော့ ဘိုဇီလိုင်း ပါမပါကို တရုတ် ကွန်မြူနစ်ပါတီ ဘယ်ယိမ်း မလား ညာယိမ်း မလားဆိုတဲ့ အချက်ရဲ့ မှတ်ကျောက် တခုလို ယူဆပြီး စောင့်ကြည့် နေကြ ပါတယ်။