ရွေးကောက်ပွဲအတွက် ထိုင်းအတိုက်အခံ အသာရနေ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တင်ကြိုစစ်တမ်းအရ အတိုက်အခံခေါင်းဆောင် ယင်လက်ရှင်နာဝက်က အသာရနေ

ထိုင်းနိုင်ငံမှာ ငါးနှစ်ကြာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပြီးနောက် မနက်ဖြန် ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် စည်းရုံးမဲဆွယ်မှုတွေ ဒီကနေ့ အကြိုနေ့မှာ နောက်ဆုံး အပြီးသတ် ပြုလုပ်ခဲ့ပြီး၊ ကြိုတင် စစ်တမ်း ကောက်ယူ ချက်တွေ အရ အတိုက်အခံ ခေါင်းဆောင် ယင်လက်ရှင်နာဝပ်က အသာရနေပါတယ်။

ဒါပေမယ့်လို့ အတိုက်အခံတွေ အနိုင်ရခဲ့ရင် စစ်တပ်အနေနဲ့ လက်ခံနိုင်ပါ့မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ အကဲခတ် တွေက ပြောပါတယ်။

မဲမသမာမှုတွေ မရှိရအောင် ကြပ်မတ်ဖို့ အတွက် မဲရုံ တခုတိုင်းမှာ ကော်မရှင်က လူတွေနဲ့ ရဲအပါအဝင် တာဝန်ရှိသူ ၁၂ ယောက်စီ ရှိနေမှာဖြစ်တယ်လို့ ရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အပြစ်လွတ်အောင် လုပ်ပေးဖို့ ညီမဖြစ်သူ ယင်လက်က စီစဉ်နေတယ်လို့ ဝန်ကြီးချုပ် အဘိဆစ် ဝစ်ချာချေဝါ့က စွပ်စွဲ ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သက်ဆင်ရှင်နာဝပ်ကို ရာထူးက ဖြတ်ချခံရကာ သူ့ကို အဂတိ လိုက်စားမှု အပြစ်ရှိတယ်ဆိုပြီး စီရင်ချက် ချမှတ်ထားတာ ဖြစ်ပါတယ်။

သက်ဆင်ကတော့ ဒူဘိုင်းမှာ တိမ်းရှောင်နေပေမယ့် ထိုင်းနိုင်ငံမှာ အကြီးအကျယ် သဘောကွဲ လောက်အောင်အထိကို သြဇာအရှိန်အဝါ ဆက်လက်ရှိနေဆဲ အထင်ကရ ပုဂ္ဂိုလ် တဦးဖြစ်ပါ တယ်။