ဆို​မာ​လီ​ယား​ပြည်​သူ​တွေ ငတ်​လို့​သေတော့မယ်

အာဖရိကဦးချိုဒေသမှာ အကြီးအကျယ် မိုးခေါင်ရေရှားမှုတွေ ဖြစ်နေလို့ ငတ်သေ နေကြတဲ့ ဆိုမားလီးယား ပြည်သူတွေဟာ သက်သာရာရအောင် အီသီယိုးပီးယား နိုင်ငံဘက်ကို ပြေးလာနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption လမ်းတောင်မလျှောက်နိုင်တော့လို့ ကလေးတွေ အပါအဝင် လူတွေ သေကြတော့မယ်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ အီသီယိုးပီးယား အရှေ့တောင်ပိုင်းက Dolo Ado ရဲ့ တောထဲက စခန်းတွေကို လူပေါင်း တသိန်း တသောင်းလောက် ရောက်လာကြ တယ်လို့ ပြောပါတယ်။

နေ့တိုင်းဆိုသလို ပြည်သူ ၁၆၀၀ လောက် နယ်စပ်ဖြတ်ပြီး စခန်းတွေဆီ လာနေကြ တယ်လို့လည်း သိရပါတယ်။ WFP ရဲ့ ပြောခွင့်ရ အမျိုးသမီးကတော့ အခုလို လာနိုင်ကြတဲ့သူတွေဟာ ကံကောင်းကြသူ တွေလို့ ပြောလို့ရပြီး တချို့ဆို အဲဒီလို ထွက်လာကြဖို့တောင် အားအင်မရှိ ဆင်းရဲကြလွန်းလို့ ဒီအတိုင်း သေသွားကြဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

စခန်းကို ထွက်လာကြမယ်ဆိုရင် ၈ ရက် ကနေ ၁၀ ရက်လောက် လမ်းလျှောက်ရမယ်။ အရမ်းကို သူတို့ ပင်ပန်းကြတယ်။ တချို့က ထရပ်ကားနဲ့ လေးရက်လောက် စီးလာ၊ သုံးရက်လောက် လမ်းလျှောက် အဲဒီလို လာကြရတယ်လို့ WFP ပြောခွင့်ရ အမျိုးသမီး Judith SCHULER ပြောပါတယ်။

လာရတဲ့ လမ်းမှာ အဓိက ပြဿနာက အစားအသောက်ပဲလို့ ဆိုတယ်၊ ဘာမှ စားစရာ မရှိလို့ တောင်းစားနိုင်မှ အသက်ရှင်မှာ၊ မြင်ရသမျှတော့ အာဟာရ မပြည့်တဲ့ သူတွေချည်းပဲ၊ ကလေးတွေက အဆိုးရွားဆုံးပါလို့ သူက ဆက်ပြောပါတယ်။