အန်အယ်လ်ဒီ အခမဲ့ ကျောင်း ခြိမ်းခြောက်ခံရ

nld
Image caption အန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ်များ

ရန်ကုန် မြောက်ပိုင်း ခရိုင် ထန်းတပင် မြို့နယ် က မငေးစု ကျေးရွာ မှာ ရှိတဲ့ အန်အယ်လ်ဒီ လူငယ် ကွန်ယက် က ဖွင့် ထားတဲ့ အမေ့အိမ် အခမဲ့ အလွတ်သင် ကျောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ က ခြိမ်းခြောက်ခဲ့ တယ်လို့ သိရပါတယ်။

အဲဒီ ကျောင်းက ဆရာမတွေ၊ ကျောင်းသားနဲ့ ကျောင်းသား မိဘတွေ ကို ကြံ့ခိုင် ဖွံ့ဖြိုးရေး အုပ်ချုပ်ရေး မှူးနဲ့ အဖွဲ့က ခြိမ်းခြောက် ကြတဲ့ အတွက် ကျောင်းသား ၃၀ လောက် ကျောင်းလာ မတက်ရဲ တော့ဘူး လို့ သိရပါတယ်။ ကျောင်းသား တွေကို အဲဒီ မှာ ကျောင်းတက် ရင် စာမေးပွဲ ကျမယ်လို့ ခြိမ်းခြောက် တဲ့ အကြောင်းနဲ့ အဲဒီလို ခြိမ်းခြောက် တဲ့လူတွေ ကလဲ ကြံ့ခိုင် ဖွံ့ဖြိုးရေးက လူတွေ ဖြစ်ကြောင်း ကို ထန်းတပင် က လူငယ် အကူအညီ ပေးရေး တာဝန်ခံ က ပြောပါတယ်။

ဒီ အမေ့အိမ် ကျောင်းမှာ သူငယ်တန်း ကနေ ၇ တန်း အထိ စာသင်ပေး နေတာ ၃ လ ရှိနေပြီ ဖြစ်ပါတယ်။ အလားတူပဲ ရန်ကုန်တိုင်း မြောက် ဥက္ကလာ မှာရှိတဲ့ အမေ့အိမ် ကျောင်းအတွက် ဌားထားတဲ့ အိမ်ရှင်ကို အာဏာပိုင် တွေက ဖိအားပေး ခြိမ်းခြောက် လာလို့ အိမ်ပြောင်းပေး လိုက်ရတာကြောင့် ကျူးကျော် ရပ်ကွက် ထဲက ရေအိုင် နေတဲ့ နေရာမှာ အဆောက်အဦးလေး ဆောက်ပြီး စာသင် နေရတယ် လို့လဲ သိရပါတယ်။

ဒေါ် အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာခဲ့ပြီး တဲ့ နောက်မှာ လူမှု အထောက် အကူပြု တဲ့ လုပ်ငန်းတွေ အနေနဲ့ တပိုင်တနိုင် လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ညွန်ကြား ထားခဲ့လို့ အခုဆိုရင် ရန်ကုန်တိုင်း မှာ မြောက်ဥက္ကလာ၊ ဒလ၊ ရွှေပြည်သာ၊ ဒေါပုံ နဲ့ လှိုင်သာယာ စတဲ့ နေရာတွေ မှာ အခမဲ့ စာသင်ကျောင်း ၁၀ ကျောင်းလောက် ဖွင့်လှစ် သင်ကြား ပေးနေတယ်လို့ အန်အယ်လ်ဒီ လူမှု အထောက်အပံ့ ပြုအဖွဲ့ ရဲ့ အပြော အရ သိရ ပါတယ်။