ဆူဒန်နှစ်ခြမ်း ကွဲသွားတဲ့အတွက် စိတ်မကောင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူဒန် သမ္မတ Omar al-Bashir

ဆူဒန်နိုင်ငံဟာ နှစ်ပိုင်းကွဲ သွားတဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းကြောင်း သမ္မတ အိုမာ အယ် ဘတ်ရှီးယားက ပြောကြားပေမယ့် ငြိမ်းချမ်းရေး အတွက် အခုလို ပေးဆပ်လိုက်ရတာ ထိုက်တန်တယ်လို့ ဆိုပါတယ်။

ဆယ်စုနှစ်နဲ့ချီပြီး ပြည်တွင်းစစ် ဖြစ်ခဲ့ပြီးတဲ့နောက် ဆူဒန်တောင်ပိုင်းကို လွတ်လပ်ရေး ပေးလိုက်ရတာနဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောကြားရာမှာ ဆူဒန်နိုင်ငံ ကို နှစ်ခြမ်းမကွဲအောင် ညီညွတ် စေချင်ပေမယ့် တောင်ပိုင်းက လူတွေရဲ့ စိတ်ဆန္ဒကို လေးစား လိုက်နာရမှာ ဖြစ်ကြောင်း မစ္စတာ ဘတ်ရှီယားက ဆိုသွားပါတယ်။

ဒါပေမယ့် Abyei ဒေသနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရင် တောင်ပိုင်း ဆူဒန်နဲ့ စစ်မက် ပဋိပက္ခတွေ ပြန်ဖြစ်နိုင်တယ်လို့ သူက သတိပေး ပြောကြား လိုက်ပါတယ်။

တောင်ပိုင်းနဲ့ စစ်ဖြစ်လာအောင် တွန်းပို့တဲ့ အခြေအနေ မလွဲမရှောင်သာ ဖြစ်လာတဲ့ အခါကျမှသာ တိုက်ခိုက်သွားမှာပါလို့ သမ္မတ ဘတ်ရှီးယား က ပြောပါတယ်။